
နိဒါန်း
ထာဝရငြိမ်းချမ်းရေးဖြစ်စေ၊ ယာယီငြိမ်းချမ်းရေးဖြစ်စေ ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည့် ငြိမ်းချမ်းရေးဟူသည် စစ်အုပ်စုအတွက် အမည်ခံမျှသာဖြစ်ပါသည်။ ယာယီအပစ်အခတ်ရပ်စဲရေးဖြစ်စေ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စေ စစ်အုပ်စုသည် အစဉ်အဆက်ချိုးဖောက်ခဲ့စမြဲဖြစ်သည်။ ပြီးခဲ့သည့်လ တတိယအပတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင်ပင် အာဏာသိမ်းစစ်အုပ်စု ကမကထပြုမည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာ ဦးတည်ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ထို့ကြောင့် စစ်အုပ်စုနှင့် ၎င်းတို့၏အပေါင်းအပါများ တွင်တွင်အသုံးပြုနေသော “ငြိမ်းချမ်းရေး” ဟူသည် လူကြားကောင်းရုံ နာမည်တပ်ခြင်းသာဖြစ်ပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နေပြည်တော် ငြိမ်းချမ်း ရေးဖိုရမ်နှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားမှုများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
အမည်ခံငြိမ်းချမ်းရေး (ဝါ) နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်

အာဏာသိမ်းစစ်ကောင်စီ၏ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင် ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ (၃) ရက်ကြာ နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် အဆိုပါငြိမ်းချမ်းရေးဖိုရမ်တွင် စစ်ကောင်စီတပ်နှင့် အလွမ်းသင့်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့၊ တရုတ် ဖိအားမကင်းသည့် တိုင်းရင်းသားလက်နက်တော်လှန်ရေးအဖွဲ့အချို့၊ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီကြိုက် အစီရင်ခံ နှပ်ကြောင်းပေးတင်ပြကြသော နယ်ပယ်အလိုက်တတ်သိပညာရှင်များကိုလည်း တွေ့ရှိရပါသည်။
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါ “Peace Forum 2025” အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် လက်ရှိလူမှုစီးပွားဘဝများအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်ရေး၊ ရွေးကောက်ပွဲအလွန်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍများအား ဖော်ထုတ်နိုင်ရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေများအား သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ စစ်ကောင်စီဖွဲ့စည်းထားသည့် NSPNC ကတော့ ၎င်းတို့၏ ငြိမ်းချမ်းရေးဖိုရမ်နှင့်ပတ်သတ်ပြီး “မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်” အဖြစ် ရေးသားဝါဒဖြန့်ထားပါသည်။
သို့သော် အာဏာသိမ်းစစ်အုပ်စု၏ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်တွင် စစ်ကောင်စီတပ်များနှင့် အမှန်တကယ် ပဋိပက္ခတိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ စစ်အုပ်စုနှင့် မပူးပေါင်းသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ နိုင်ငံတကာကိုယ်စားလှယ်များကမူ ရုပ်လုံးထွက်ပြခြင်း မရှိခဲ့ပေ။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေးအင်အားစုများ ပါဝင်လာဖို့ဟူသည် ဝေးစွ၊ စစ်အုပ်စုနှင့် လက်ချင်းချိတ်ဆက်ကာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖက်တွယ်ထားဆဲဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ကိုယ်စားလှယ်များကိုပင် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိုရမ်တွင် မတွေ့ရပေ။
အာဏာသိမ်းစစ်ကောင်စီသည် ငြိမ်းချမ်းရေးဟူသော လူတိုင်း၏ သည်းခြေကြိုက်စကားလုံးကို အမည်တပ်ကာ ၎င်းတို့ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအောင်မြင်ရေး စည်းရုံးရေးလုပ်ဆောင်ခြင်းဟုသာဆိုနိုင်ပြီး ထိုအတွက် ၎င်းတို့အား ထောက်ခံအားပေးနေကြသူများကို အသုံးချခဲ့ခြင်းသာဖြစ်သည်ဟု ဆိုရပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရလဒ်များကို ပယ်ဖျက်ကာ ယနေ့အချိန်ထိ အဓမ္မအာဏာသိမ်းယူထားသည့် စစ်အုပ်စုထံမှ တရားမျှတသော ရွေးကောက်ပွဲအသစ်နှင့် ရိုးသားဖြောင့်မတ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို အမှန်တကယ် မျှော်လင့်နိုင်ပါ့မလားဟူသည်က မေးခွန်းထုတ်စရာဖြစ်နေပါသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲလှုပ်ရှားမှုများ
ကမ္ဘာ့ကုလသမဂ္ဂဖြစ်စေ၊ အာဆီယံဖြစ်စေ မည်သို့သော ပုဂ္ဂိုလ်နှင့် အစုအဖွဲ့က မည်သို့ပင် ကန့်ကွက်ရှုတ်ချနေကြစေကာမူ အာဏာသိမ်းစစ်အုပ်စုသည် ရွေးကောက်ပွဲတစ်ရပ်ကို မနှေးအမြန်ကျင်းပသွားနိုင်ရေး သန္နိဋ္ဌာန်ချထားပုံရပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ကိုယ်ကျိုးစီးပွားတခုတည်းကို ရှေးရှုပြီး မျက်ကွယ်ပြုပေးထားသည့် တရုတ်၊ ရုရှားကဲ့သို့သော နိုင်ငံကြီးများသည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုထောက်ခံကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

အလားတူ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း လက်နက်မဲ့ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူလူထုအား ကျည်ဆန်အစစ်ဖြင့် ဦးခေါင်းတည့်တည့်ပစ်ခတ်နှိမ်နင်းခဲ့သည့် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နှုတ်ဆိတ်နေကြပြီး အာဏာသိမ်းစစ်အုပ်စုအား ရရာလက်နက်စွဲကိုင်တော်လှန်လာကြ သည့် တော်လှန်ရေးအင်အားစုများအား “လက်နက်ကိုင်လမ်းစဉ်” အဖြစ် အပြစ်တင်နေကြသည့် စစ်အုပ်စုနှင့် အလွမ်းသင့်သော နိုင်ငံရေးသမားများကလည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ကြိုးပမ်းအားထုတ်နေကြပြီဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအတွင်း ဝန်ကြီးတစ်နေရာ ရယူခဲ့သည်အထိ စစ်အုပ်စုနှင့် အလွမ်းသင့်သူ ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP) ပါတီဥက္ကဌသည် ၎င်းကြားသိရသည့် သတင်းများအရ အာဏာသိမ်းစစ်ကောင်စီတပ်က စတင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဟူ၍မရှိဘဲ တော်လှန်ရေးအင်အားစုများကသာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူ လူထုအပါအဝင် တနိုင်ငံလုံး၏ ထွက်ပေါက်အဖြစ် ဒေါ်သက်သက်ခိုင်က ယူဆထားပြီး ရွေးကောက်ခံအစိုးရ တစ်ရပ်ထွက်ပေါ်လာပါက နိုင်ငံတကာဖိအားများ လျော့ကျနိုင်သလို ပြည်တွင်းအင်အားစုအချင်းချင်းကြားတွင် လည်း ရင်ကြားစေ့လာနိုင်သည်ဟု သူမက ဆိုပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကာလများတွင် ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည့်အတိုင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများသည် ခပ်စိတ်စိတ်တွေ့ရှိလာပြီဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အရေအတွက်သည် မတည်ငြိမ်သေးသကဲ့သို့ ရွေးကောက်ပွဲတွင် အသုံးပြုမည့်ရွေးကောက်ပွဲစနစ်၊ လိုက်နာကျင်းသုံးရမည့် ရွေးကောက်ပွဲနည်းဥပဒေများသည် တရားဝင်ထွက်ရှိလာခြင်းမရှိသေးဘဲ သန္ဓေမမှန်သောရွေးကောက်ပွဲအား အသိအမှတ်ပြုရေး စည်းရုံးရေးဆင်းနေရသည့် အခြေအနေမျိုးပင် ဖြစ်သည်။
သုံးသပ်တင်ပြချက်
အဓမ္မစစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သော မြန်မာ့အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် တိုက်တွန်းလှုံ့ဆော်နေကြသူများကိုယ်တိုင် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပရေးအစီအစဉ်ကို အကောင်အထည်မဖော်သင့်သေးဟု ရှုမြင်နေကြသဖြင့် စစ်အုပ်စုအတွက် အကြပ်ရိုက်နေခဲ့ပါသည်။ အခြားတဖက်တွင်လည်း ရွေးကောက်ပွဲနည်းဖြင့်သာ ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို အောင်မြင်စွာအနားသပ် နိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပရန် စိုင်းပြင်းနေခြင်းဖြစ်သည်။
သို့သော် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦး တည်တိုက်ပွဲဝင်နေကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်တော်လှန်ရေး၏ ခံစစ်၊ ထိုးစစ်အရွေ့အဟုန်သည် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၂၄၅ မြို့နယ်အထိ ပြင်းထန်ကျယ်ပြန့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲ၏ လုံခြုံရေးအတွက်လည်း စစ်အုပ်စုအတွက် စိတ်ပူစရာဖြစ်နေပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကာကွယ်စောင့်ရှောက်သည့် အထူးဥပဒေတစ်ရပ်ကို ပြဌာန်းရန် စီစဉ်နေသည်ဟု ဆိုပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုအောင်မြင်ရေးအတွက် တိုင်းပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးအစ စီးပွားရေးဆိုင်ရာကိစ္စရပ်များအဆုံး ခက်ခဲမှု၊ ကြပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့နေရသည့် ၎င်းတို့၏ နောက်ဆုံးထွက်ပေါက်တခုဖြစ်နေသော ရွေးကောက်ပွဲကျင်းပနိုင်ရေးကို တဆင့်ချင်း၊ တလှမ်းချင်းလှုပ်ရှား နေဆဲဖြစ်ပါသည်။ “ရှေ့ ခုနှစ်အိမ်၊ နောက် ခုနှစ်အိမ်” မျှ ရွေးကောက်ပွဲကျင်းပရုံဖြင့်လည်း ရွေးကောက်ပွဲအထမမြောက်ကြောင်း ပြဌာန်းခြင်းမရှိသည့်အတွက်လည်း ၎င်းတို့၏ အာဏာသိမ်းမှုအလွန် ထွက်ပေါက်အတွက် ယုံကြည်မှုရှိနေခြင်း ဖြစ်စေပါသည်။
နေပြည်တော်၊ ငြိမ်းချမ်းရေးဖိုရမ်အတွင်း ပြောကြားခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ မိန့်ခွန်းအရမူ စစ်အုပ်စုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ NCA စာချုပ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ချက်ကို ကျော်လွန်စဉ်းစားခြင်း မရှိသေးသကဲ့သို့ ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကိုပင် အင်္ဂါမစုံတော့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဖြင့် ကျင်းပနိုင်ကြောင်း ထောက်ပြထားသည်ကို တွေ့ရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦး တည်လျှောက်လှမ်းနေကြသော တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချရုံ၊ အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ရုံမျှဖြင့် ဟန့်တားနိုင်လိမ့်မည်မဟုတ်ပေ။ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲ အထမမြောက်နိုင်ရေးအတွက် လက်တွေ့ကျကျ ချဉ်းကပ်အဖြေရှာရမည်ဖြစ်သကဲ့သို့ စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန်အတွက်လည်း မဟာဗျူဟာကျကျ အဖြေထုတ်ထားကြရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
၁။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် (သို့မဟုတ်) Peace Forum 2025၊ NSPNC
၂။ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်လို့ ယူဆကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြော၊ VOM၊ ၂၆ ဇွန် ၂၀၂၅
၃။ Myanmar Armed Conflict Dashboard, BNI-MPM, ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဇူလိုင် ၂၀၂၅