|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ ဧပြီ ၁၉၈၉ ရုံးချုပ် – ပန်ခမ်း (ပန်ဆန်း) လှုပ်ရှားရာ နယ်မြေ – ပန်ဆန်း၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းယောင်း ဥက္ကဌ – ပေါက်ယူချန်း ဒုဥက္ကဋ္ဌ – ကျောက်ကော်အန် စစ်ဦးစီးချုပ် – ပေါက်ကျွိန်းဖင်း (ခ) ဦးပေါက်အိုက်ချန် အတွင်းရေးမှူး – ဦးပေါက်အိုက်ခမ်း နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု – ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် Facebook – https://www.facebook.com/WaStateTV2011318/ “ဝ” ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကိုစဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မှုမပြုခြင်းနှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်ထားသော်လည်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဟိုပန်နှင့် ပန်လုံမြို့ (၂) မြို့အား အာဏာသိမ်းစစ်အုပ်စုထံမှ သေနတ်တချက်မျှမဖောက်ရဘဲ UWSP/UWSA က သိမ်းပိုက်ရရှိခဲ့သည်။ “ဝ” ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခများအတွင်း ထိခိုက်ခဲ့ရသောပြည်သူများ၏ စီးပွားရေး နလန်ထူစေရေးနှင့် နေရပ်စွန့်ခွာနေကြသော ပြည်သူများ လုံခြုံရေးအား အာမခံချက်ရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသော နည်း လမ်းများဖြင့် ဖြေရှင်းသွားရန် UWSP/UWSA က တိုက်တွန်းထားသည်။ FPNCC ၏ ဦးဆောင်သူအဖွဲ့အစည်းဖြစ်သော UWSP/UWSA အနေဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် PSLF/TNLA၊ ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA နှင့် SSPP/SSA တို့မှ ထိပ်ပိုင်းခေါင်းဆောင်များအား ‘ဝ’ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့သို့ ခေါ်ယူဆွေးနွေးခဲ့ပြီး မည်သည့်အကြောင်းပြချက်မဆို စစ်လက်နက်နှင့် ငွေကြေးများကို ကူညီထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်း UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်က ပြောဆိုခဲ့ပါသည်။ [1] စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများဘက် အနိုင်ရရေးကို UWSA ထံမှ မမျှော်လင့်နိုင်သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှရော၊ အာဏာသိမ်းစစ်အုပ်စုဘက်ကပါ ထိတွေ့ဆက်ဆံနိုင်သည့် ဇာတ်ကောင်အဖြစ် UWSP/UWSA ကို ရှုမြင်နိုင်ပါသည်။ ဘက်မလိုက်မူဝါဒကို ကိုင်စွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နယ်မြေလုံခြုံရေး၊ တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့် တွေ့ဆုံညှိနှိုင်းရေးကို အလေးထားသည့် UWSP/UWSA အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်ရေးအင်အားစုများ ညှိနှိုင်းပေါင်းစည်းရေးကို ဦးတည်သော SCEF အတွင်း ပါဝင်လာနိုင်ခြေအလွန်နည်းသော်လည်း အလွန်ခိုင်မာအားကောင်းသည့် နယ်မြေနှင့်အုပ်ချုပ်မှုအာဏာမျိုး ရှိနေခြင်းကြောင်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ချန်လှပ်ထား၍မရသည့် အင်အားစုတစ်ရပ်အဖြစ် ရှုမြင်ရပါသည်။ လက်ရှိအချိန်တွင်တော့ UWSP/UWSA အနေဖြင့် ၎င်း၏ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံနေခြင်းထက် အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုများနေသည်ဟု ဆိုရပါသည်။ [1] မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော၊ သျှမ်းသံတော်ဆင့်၊ ၂၁ သြဂုတ် ၂၀၂၅ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆ |
‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
By MPM
26 အောက်တိုဘာ, 2026
👁 704
