|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁ ရုံးချုပ် – လိုင်ဇာ၊ ကချင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကချင်၊ ရှမ်း (မြောက်)၊ မန္တလေးနှင့် စစ်ကိုင်းဒေသများအတွင်းရှိ မြို့နယ် (၃၉) ခု ဥက္ကဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ ဒုဥက္ကဌ – ဗိုလ်ချုပ်ကြီး ဂမ်ရှောင် အထွေထွေအတွင်းရေးမှူး – ကွမ်ထပ်ထိန်နန် Facebook – https://www.facebook.com/thekachinnet Website – https://www.kachinnet.net/ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် ဥက္ကဌ (၂) အဖြစ် ဦးဆောင်ပါဝင်လျက်ရှိသည့် KIO/KIA သည် CRPH ၊ NUG တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်အမှု အပြည့်အဝရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး၏ စစ်ရေးကဏ္ဍဟုဆိုရမည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင် KIO/ KIA အနေဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှပါဝင်ကာ အမှတ် (၁) စစ်ဒေသဖြစ်သည့် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း (မြောက်)၊ မကွေးနှင့် မန္တလေးဒေသများတွင် ဦးဆောင်လှုပ်ရှားလျက် ရှိပါသည်။ ကချင်၊ ရှမ်း (မြောက်)၊ မန္တလေးနှင့် စစ်ကိုင်းစသော တိုင်းနှင့် ပြည်နယ် (၄) ခုအတွင်းရှိ မြို့နယ် (၃၉) ခုတွင် KIA ဦးဆောင်သော ဒေသအလိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို တွေ့ရှိရပြီး အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရ အပြင်းထန်ဆုံး ဖိအားပေးလျက်ရှိသကဲ့သို့ ကချင်ပြည်နယ်အတွင်းရှိ စစ်အုပ်စု၏ စစ်စခန်းများအားလုံး ရှင်းလင်းရေးအတွက်ဟုဆိုကာ “ဝ၃၀၇ စစ်ဆင်ရေး” ကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် စတင်ခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုထံမှ မြို့ပေါင်း (၁၆) မြို့နှင့် ရာနှင့်ချီသော စစ်အုပ်စု၏ စစ်စခန်းများကိုလည်း KIO/KIA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်မြို့ဖြစ်သော ကန်ပိုက်တီ (ကံပိုက်တည်) မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ခွဲခြားအုပ်ချုပ်ခဲ့သည့် ကချင်အထူးဒေသ (၁) အား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း KIO/KIA က ကြေညာခဲ့သည်။ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်ရှိခဲ့သည့် ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား ထုတ်ပြန်မှုတွင် KIO/KIA လည်း ပါဝင်ကြောင်း NUG ယာယီ သမ္မတဒူဝါလရှီးလက ပြောဆိုထားပါသည်။ NUCC မှ နုတ်ထွက်ထားသည့် KPICT နှင့် CRPH အကြား တွေ့ဆုံမှုများတွင် KIO ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကိုယ်တိုင် ပါဝင်လေ့ရှိသည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးမှုများ ခပ်စိပ်စိပ်တွေ့ရှိလာရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း ချင်းညီနောင်အဖွဲ့ (CB)၊ ယောတပ်တော် (YA) နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။ အထူးသဖြင့် နယ်မြေချင်းဆက်စပ်ပြီး ရည်မှန်းချက်ခြင်းတူညီကြသည့်အဖွဲ့များ စုစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ဦးတည်ဆွေးနေကြကြောင်း၊ KIO/KIA အနေဖြင့် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အမြဲတမ်းလိုလို တွေ့ဆုံဆွေးနွေးမှုများရှိနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဆိုပါသည်။ KIO/KIA အနေဖြင့် တရုတ်အစိုးရ၏ ဖိအားပေးမှုများ ရှိနေသည့်တိုင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲနေသော နွေဦးတော်လှန်ရေးကာလအတွင်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေးစသည့် အာဏာသိမ်းစစ်အုပ်စုအား ဖိအားပေးလျက်ရှိသော စစ်မျက်နှာတိုင်းတွင် အပြည့်အဝ ပူးပေါင်းပါဝင်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့
By MPM
2 စက်တင်ဘာ, 2025
👁
