|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁ ရုံးချုပ် – လိုင်ဇာ၊ ကချင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကချင်၊ ရှမ်း (မြောက်)၊ မန္တလေးနှင့် စစ်ကိုင်းဒေသများအတွင်းရှိ မြို့နယ် (၃၉) ခု ဥက္ကဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ ဒုဥက္ကဌ – ဗိုလ်ချုပ်ကြီးဂမ်ရှောင် အထွေထွေအတွင်းရေးမှူး – ကွမ်ထပ်ထိန်နန် Facebook – https://www.facebook.com/thekachinnet Website – https://www.kachinnet.net/ FPNCC အဖွဲ့ဝင်အဖြစ် ဆက်ရှိသေးသည့် KIO/KIA သည် အာဏာသိမ်းစစ်ကာလတလျှောက် နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ အပြည့်အဝပူးပေါင်းလျက်ရှိသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်လျှောက်လှမ်းနေသည့် နွေဦးတော်လှန်ရေး၏ စစ်ရေးမျက်နှာစာတွင် ဦးဆောင်ဦးရွက်ပြုနေသကဲ့သို့ နိုင်ငံရေးမျက်နှာစာတွင်လည်း တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်များ ရရှိရေးအတွက် အခြားသောတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်နေသည်ဟု ဆိုရပါမည်။ K3C+NUG စုဖွဲ့မှုဖြင့် ပေါင်းစပ်ဖွဲ့ထားသော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ထားပြီး ရှမ်း (မြောက်)၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေးနှင့် မန္တလေးဒေသများဖြစ်သော အမှတ် (၁) စစ်ဒေသတွင် NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့များ၊ ABSDF အပါအဝင် ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ စစ်ရေးအရ KIA က ဦးဆောင်ကွပ်ကဲလျက်ရှိသည်။ အာဏာသိမ်းစစ်အုပ်စုမှ ပြန်လည်ထိန်းချုပ်သွားခဲ့သည့် ကောလင်းနှင့် မော်လူးအပါအဝင် (၁၈) ခုသော မြို့သိမ်းဖြစ်စဉ်များတွင် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ KIA မှ ဦးဆောင်ပါဝင်ခဲ့ပြီး ယနေ့အချိန်ထိ မြို့ပေါင်း (၁၅) မြို့နှင့် ရာနှင့်ချီသော စစ်အုပ်စု၏ စစ်စခန်းများကိုလည်း KIO/KIA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ စစ်အုပ်စုလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကချင်အထူးဒေသ (၁) အား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း KIO/KIA က ကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက စတင်ခဲ့သော ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ဦးဆောင်ပြီး AA၊ ABSDF၊ NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့များ၊ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ မြို့၏နေရာအများစုကို သိမ်းပိုက်ထားကာ အာဏာသိမ်းစစ်တပ်၏ ကုန်းလမ်းထောက်ပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ထားနိုင်ခဲ့သည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် ဗန်းမော်မြို့အား လက်မလွှတ်ရရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် ဒရုန်းစစ်ဆင်ရေးများကို အသုံးပြုပြီး ရုန်းကန်နေခဲ့သော်လည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့အရောက်တွင်တော့ အာဏာသိမ်းစစ်တပ်၏ တင့်ကားများ၊ လေတပ်စခန်း၏ ရေဒါအပါအဝင် စစ်သင်္ဘော (၁၈) စင်းအထိ KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းနိုင်ရေး နှစ်ဖက်အားပြိုင်နေဆဲဖြစ်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် KIO/KIA အတွက် ဂုဏ်သိက္ခာတိုက်ပွဲဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ခံယူထားသည်။ နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျက်နှာစာတွင်တော့ အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရေးအပါအဝင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား KIO/KIA ကလည်း သဘောတူလက်ခံထားပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် SCEF တွင် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ကာ SCEF ၏ စစ်ရေးကော်မတီတွင်လည်း KIA စစ်ဦးစီးချုပ်ကိုယ်တိုင် ပါဝင်လျက်ရှိပါသည်။ အာဏာသိမ်းစစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်များကို ရရှိထားသော်လည်း တစ်ဖွဲ့ချင်း စကားပြောသည့်ပုံစံမျိုးကို KIO/KIA အနေဖြင့် လက်မခံကြောင်းနှင့် NUG ကို စကားပြောဖို့ဆန္ဒရှိသလားဟု စစ်အုပ်စုထံမေးမြန်းထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဆိုပါသည်။ ၂၀၂၆ ခုနှစ်အား အပြောင်းအလဲများစွာဖြစ်မည့်နှစ်ဟု မျှော်လင့်ထားကြောင်းနှင့် ထိုအတွက် တောက်လျှောက် ကြိုးစားနေသည်ဟုလည်း ၎င်းက ဆိုပါသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆ |
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့
By MPM
26 အောက်တိုဘာ, 2026
👁 579
