မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ – MNTJP |
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ မတ် ၁၉၈၉ ရုံးချုပ် – ရွေ့လျားဌာနချုပ် လှုပ်ရှားရာ နယ်မြေ – ကိုးကန့်ဒေသ မုံးကိုးနှင့် လောက်ကိုင်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ ပန်ဆိုင်းမြို့နယ်များ ပါတီ အထွေထွေအတွင်းရေးမှူးချုပ်/ ကိုးကန့်တပ်ဖွဲ့ စစ်ဦးစီးချုပ်/ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ – ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်) Facebook – https://www.facebook.com/profile.php?id=61552736162357 ဦးဖုန်တဲရင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ဦးဆောင်မှုအခန်းကဏ္ဍပါဝင်လှုပ်ရှားကာ ကိုးကန့်ဒေသတခွင်နှင့် ရှမ်းမြောက်ဒေသအတွင်းရှိ မြို့ (၉) မြို့အထိ အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း တရုတ်အစိုးရ၏ ဖိအားပေးမှုဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပေ။ MNDAA ၏ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသော နိုင်ငံရေးဦးတည်ချက်ကို လုံးဝ မပြောင်းလဲကြောင်း၊ နိုင်ငံတော်မှ မခွဲထွက်ကြောင်း၊ နိုင်ငံသစ် မထူထောင်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းနှင့် မပူးပေါင်း၊ မဆက်ဆံ၊ မဟာမိတ်မဖွဲ့ကြောင်း၊ NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းကြောင်း စသည့်အချက်များအပြင် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောနည်းလမ်းဖြင့် အဖြေရှာရန်အတွက် တရုတ်နိုင်ငံအား ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် ရပ်တည်ချက် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင်တော့ ယနေ့မှစ၍ ၎င်းတို့တပ်များအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးအပါအဝင် ကိစ္စအရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အချက် (၅) ချက်ပါ ထုတ်ပြန်ချက်ဖြင့် တဖက်သတ် အပစ်ရပ်ခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအနှံ့တွင်ဖော်ဆောင်နေသော ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများအား ရပ်ဆိုင်ပေးရမည်ဟုလည်း တပါတည်းတောင်းဆိုသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်အုပ်စုအကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ထုတ်ဖော်ပြောဆိုခဲ့သည်။ သဘောတူစာချုပ်ပါ အချက်အလက်များအား မသိရသော်လည်း MNDAA သည် လားရှိုးမြို့အား စစ်အုပ်စုထံ ပြန်လည်ပေးအပ်လိုက်ရသည်ကို တွေ့ရသည်။ MNDAA နှင့် စစ်အုပ်စုအကြား အပစ်ရပ်ဖြစ်စဉ်အရ တရုတ်အစိုးရ၏ ဘက်ပေါင်းစုံမှုမှ ဖိအားပေးချဉ်းကပ်မှုများကို တွေ့ရှိရသကဲ့သို့ အာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဖိအားကိုလည်း တွေ့ရှိရပါသည်။ MNDAA အတွက်မူ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ရရှိခဲ့သည့် နယ်မြေပိုင်စိုးမှုများကို ဆက်လက်ထိန်းသိမ်းကာ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်နိုင်သည့်အခြေအနေ မျိုး ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတဝှမ်း ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်လှုပ်ရှားမှုများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်နေဆဲဖြစ်သော အာဏာသိမ်းစစ်အုပ်စုအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား MNDAA က ဆက်လက်စွဲကိုင်ထားပါသည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့)
By MPM
10 အောက်တိုဘာ, 2025
👁
