စစ်ကျွန်သွင်းမည့် လူဖမ်းပွဲမှ ဘယ်လို‌ရှောင်လွှဲကြမလဲ

By Staff 2 အောက်တိုဘာ, 2026 👁 267

ရန်ကုန်မြို့ပေါ်တွင်ဆိုလည်း ဟုတ်သည်။ မြောင်းမြမြို့တွင်ဆိုလည်း ဟုတ်သည်။ မြန်မာပြည် မြောက်ဖျားပိုင်းက ပူတာအိုတွင်ဆိုလည်း ဟုတ်နေပြန်သည်။ မြဝတီနှင့် ဘားအံတွင်ဆိုလည်း ပုံစံတမျိုးဖြင့် စစ်ကျွန်ဇာတ်သွင်းရန် ကြိုးပမ်းလာနေသည်။ မြန်မာပြည်အလယ်ပိုင်းက မြင်းခြံမြို့တွင်ဆိုလည်း အိမ်ပေါ်အထိတက်ကာ ဆွဲခေါ်လာသည့် လူဖမ်းပွဲများ ရမ်းကားနေသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းကာလ ကြာမြင့်လာသည်နှင့်အမျှ နိုင်ငံတဝှမ်းစစ်မျက်နှာအစုံဖွင့်ခံနေရသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့တပ်သားအင်အားပြုန်းတီးမှုအား ပြန်လည်ဖာထေးနိုင်ဖို့အတွက် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း လူငယ်များကို ပစ်မှတ်ထားခဲ့သည်။ သို့သော် လူငယ်များအနေဖြင့်လည်း နိုင်ငံခြားထွက်ခြင်း၊ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ငွေကြေးဖြင့်ဖြေရှင်းခြင်း၊ လူစားထိုးခြင်း စသော နည်းလမ်းမျိုးစုံအသုံးပြုကာ အာဏာသိမ်းစစ်အုပ်စု၏ စစ်ကျွန်ပြုမခံရရေးအတွက် ရုန်းကန်ခဲ့ကြသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စုအနေဖြင့်လည်း ဥပဒေအရ စစ်မှုထမ်းဥပဒေပြင်ပမှ အတင်းအဓမ္မဖမ်းဆီးခြင်း၊ မက်လုံးပေးမြူဆွယ်စုဆောင်းခြင်း စသောနည်းလမ်းများဖြင့် ၎င်းတို့၏ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၈) အထိ ရောက်ရှိကာ ခန့်မှန်းခြေစစ်မှုထမ်းတပ်သားသစ် သိန်းဂဏန်းအထိ ရရှိသွားခဲ့ပြီဖြစ်သည်။ (စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၅၀၀၀) သတ်မှတ်ထားသော်လည်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် သင်တန်းသားအရေအတွက်ကို ပြည်သူလူထုထံ အသိပေးခြင်းမရှိသေးပါ)

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် မြန်မာပြည်တဝှမ်း ပိုမိုဆိုးဝါးလာနေသော မြန်မာလူငယ်များအား စစ်ကျွန်ဇာတ်သွင်းမည့် လူဖမ်းပွဲများအကြောင်းနှင့် ဟန့်တားနိုင်မည့်နည်းလမ်းများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ရန်ကုန်မြို့အတွင်း လူငယ်များဖမ်းဆီးခံရမှုအ‌ခြေအနေ

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် သတိထားရမည့် အာဏာသိမ်းစစ်တပ်၏လှုပ်ရှားမှုများ အား အဓိကစောင့်ကြည့်သည့် Rangoon Scout Network – RSN ၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းအတွင်း မြို့နယ် (၁၇) ခုမှ လူငယ် (၈၅) ဦးကို အာဏာသိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများက အတင်းအဓမ္မဖမ်းဆီးခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ အများစုသည် ကားလမ်းတဝိုက်တွင်ရှိနေစဉ် ရမ်းသမ်းဖမ်းဆီးခံရသူများဖြစ်ကြကြောင်း သိရသည်။ ၁

RSN လစဉ်ထုတ်အချက်အလက်များကို လေ့လာကြည့်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း (၃၃) မြို့နယ်အတွင်း အရပ်သားလူငယ် (၅၇၃) ဦးအထိ အာဏာသိမ်းစစ်အုပ်စု၏ အတင်းအဓမ္မဖမ်းဆီးခြင်း ခံနေကြရသည်ကို တွေ့ရသည်။ လှိုင်မြို့နယ်နှင့် သာကေတမြို့နယ်တို့သည် လူငယ်များ အဖမ်းခံရဆုံးမြို့နယ်များအဖြစ် တွေ့ရှိရပါသည်။ ဖမ်းဆီးခံရသည့် အကြောင်းအရင်းများအနက် တွေ့ရာရမ်းသမ်းဖမ်းဆီးခံရခြင်းသည် ဖမ်းဆီးခံရသူအားလုံး၏ (၅၀) ရာခိုင်နှုန်းအထိ ရှိနေသဖြင့် လူငယ်များအတွက် သတိချပ်စရာ ဖြစ်နေပါသည်။

  • တွေ့ရာရမ်းသမ်းဖမ်းဆီးခံရခြင်း = လမ်းပေါ်သွားလာစဉ်၊ ဆိုင်ထိုင်နေစဉ်၊ လမ်းဘေးထိုင်နေစဉ်နှင့် ကားထဲထိုင်နေစဉ် ဖမ်းဆီးခံရခြင်း
  • ရှောင်တခင်စစ်ပြီး ဖမ်းဆီးခံရသူ = ဧည့်စစ်၊ လမ်းပေါ်သွားလာစဉ် ခေါ်စစ်၊ ယာဉ်တားစစ်၊ ဖုန်းယူစစ်၊ ငလျင်အလှူခံစဉ် ဖမ်းဆီးခံရခြင်း
  • အကြောင်းပြ/ရှာဖမ်းဆီးခံရသူ = သတင်းအတိအကျဖြင့်ရှာ၊ သတင်းအရစောင့်၊ ဆန္ဒပြစဉ် ဖမ်းဆီးခြင်းများ
  • လိမ်လည်ခေါ်ယူပြီး ဖမ်းဆီးခံရသူ = အလုပ်ဖြင့် မျှားခေါ်၊ ပြည့်တန်ဆာဖြင့် မျှားခေါ်၊ မူးယစ်ဆေးလိမ်ကျွေးပြီး ဖမ်းဆီးခံရခြင်း

ရန်ကုန်တိုင်းအတွင်း လူငယ်များ ဖမ်းဆီးခံရမှုဖြစ်စဉ်များကို နေ့ခင်းဘက်တွင်ပါ တွေ့ရှိနေရသဖြင့် လူငယ်များအနေဖြင့် လူပြတ်သည့်နေရာများတွင် အသွားအလာဆင်ခြင်ရန်၊ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေး ရွာအတွင်းရှိ စစ်မှုထမ်းကိစ္စနှင့်ပတ်သက်သော သတင်းများ နားစွင့်ထားကြရန်၊ ယာယီရှောင်တိမ်းရနိုင်သည့် နေရာများအား ကြိုတင်တွေးဆထားကြရန်၊ ညမှောင်ချိန် တစ်ဦးတည်း၊ နှစ်ဦးတည်း မသွားလာကြရန်နှင့် မိမိဘက်မှ အရေးပေါ်ဆက်သွယ်ရမည့်သူနှစ်ဦး၏ ဖုန်းနံပါတ်များ အလွတ်ကျက်မှတ်ထားရန် RSN က အကြံပြုထားပါသည်။ ၂

မြန်မာပြည်တဝှမ်းမှ လူဖမ်းပွဲများမှသည် စစ်မှုထမ်းလူစားထိုး‌ဈေးကွက်ဆီသို့

ဧရာဝတီတိုင်း မြောင်းမြမြို့ပေါ်ရှိ မြရတနာရပ်ကွက်၊ အမှတ် (၄) လမ်းတွင်နေထိုင်သူ အသက် (၂၀) အရွယ်လူငယ်တစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူနှင့်အဖွဲ့က အဓမ္မဖမ်းဆီးခဲ့ပြီး မြောင်းမြမြို့နယ် ငှက်ပျောတောရွာအတွက် စစ်မှုထမ်းရန် လူစားထိုးအဖြစ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူစားထိုးရောင်းချမှုမှ ကျပ်သိန်း (၁၈၀) ခန့်ရရှိခဲ့ပြီး ကျပ်သိန်း (၅၀) ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွဲဝေပေးရသည်ဟု ဆိုပါသည်။ ၃

စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်တော်သာရပ်ကွက်အတွင်းရှိ အရပ်သားပြည်သူ (၁၀၀) နီးပါးကို ထောက်ပံ့ပေးကြေးပေးမည်ဟု မက်လုံးပေးကာ ၂၀၂၆ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်း ဆီးသွားခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းအချိန်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ထောက်ပံ့ကြေးရယူရန်အတွက် ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်သို့ သွားရောက်စဉ်၊ ချမ်းမြဝတီရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်အကြားရှိ အောင်သုခဆန်စက်အနီးအနားတွင် အထိုင်ချထားသည့် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအများစုမှာ လူငယ်များဖြစ်ကြောင်း သိရသည်။ ၄

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ် ပူတာအိုနှင့် ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ရွှေမှော်လုပ်ကွက်များအတွင်းရှိ လူငယ်များအား အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းတွင်ပင် ဖမ်းဆီးခံရသူလူငယ် (၂၀၀) ဝန်းကျင်အထိရှိနေပြီး ပူတာအိုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၄၆)၊ မချမ်းဘော့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၃၇)၊ တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့နှင့် နယ်မြေခံ နယ်ထိန်းရဲများက စစ်ဘက်သုံးကား၊ အိမ်စီးကားများဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ ၅

ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင်လည်း ရပ်ဝေးရပ်နီးမှ လာရောက်အလုပ်လုပ်ကိုင်သူများအပါအဝင် ဒေသခံလူငယ် (၁၀၀) ကျော်ကို အာဏာသိမ်းစစ်တပ်က လိုက်လံဖမ်းဆီးကာ မြို့ပေါ်တစ်နေရာတွင် ချုပ်နှောင်ထားကြောင်း သိရသည်။ ည (၉) နာရီနောက်ပိုင်း ကားဖြင့် လှည့်ပတ်ဖမ်းဆီးနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအား အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းသင်တန်းများသို့ အသုတ်လိုက် ပို့ဆောင်ပေးနေသည် ဟု ဆိုပါသည်။ ၆ တဆက်တည်းတွင် စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဝင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ကပါ လူငယ်များအား ဖမ်းဆီးနေပြီး အာဏာသိမ်းစစ်တပ်ထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေကြောင်း သိရသည်။ အဆိုပါ မြဝတီမြို့ ပေါ်ရှိ စီးပွားဖြစ် စစ်မှုထမ်းစျေးကွက်တွင် လူငယ်တစ်ဦးလျှင် ငွေကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) ဝန်းကျင်အထိ စျေးပေါက်နေသည်ဟု ဆိုပါသည်။ ၇

“စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဝင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ကပါ လူငယ်များအား ဖမ်းဆီးနေပြီး အာဏာသိမ်းစစ်တပ်ထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေ . . . စီးပွားဖြစ် စစ်မှုထမ်းစျေးကွက်တွင် လူငယ်တစ်ဦးလျှင် ငွေကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) ဝန်းကျင်အထိ စျေးပေါက်နေသည် . . .”

မန္တလေးတိုင်း မြင်းခြုံမြို့ပေါ်တွင်လည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှစတင်ပြီး စစ်အုပ်စုလက်အောက်ခံ ရာအိမ်မှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်မှုထမ်းစာရင်းများပြုလုပ်ကာ နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးနေကြောင်း သိရပါသည်။ ထို့အပြင် စစ်မှုထမ်းကြေး‌ခေါင်းစဉ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ကျပ် (၃၀၀၀၀) မှ ကျပ် (၄၀၀၀၀) အထိ ရပ်ကွက်အလိုက် ပေးဆောင်နေရကြောင်း သိရသည်။ ၈

ဆိုရသော် မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အာဏာသိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများ၏ စစ်ကျွန်ဇာတ်သွင်းမည့် လူဖမ်းပွဲများသည် တောင်တန်းမြေပြန့်ဒေသအလိုက် ဖြစ်ပေါ်နေပြီး ပြည်သူလူထုအနေဖြင့် ကျီးလန့်စာစားရသကဲ့သို့ စိုးရိမ်ကြောင့်ကြစွာ နေကြရသည်ဟု ဆိုရပါမည်။

အဓမ္မဖမ်းဆီးခံ စစ်မှုထမ်းများနှင့် လူသားလှိုင်းစစ်ဆင်‌ရေး

အမ်း-ပဒါန်းလမ်းပိုင်း ပဇီကျေးရွာအနီး တိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) ဖမ်းဆီးခြင်းခံခဲ့ရ သူ စစ်အုပ်စုတပ်သား ချစ်ကိုဇင်သည် ရန်ကုန်မြို့ ပန်းရံလုပ်ငန်းခွင်အတွင်း နေ့စားအလုပ်လုပ်ကိုင်သူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်၊ ည (၉) နာရီခန့်အချိန် အလုပ်မှပြန်လာစဉ် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ ဇူလိုင်လ ၁၆ ရက်တွင် စစ်အုပ်စု၏ အခြေခံစစ်သင်တန်းသို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် သင်တန်းဆင်းကာ ပခုက္ကူအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၂၅၉ သို့ ပို့ဆောင်ခံခဲ့ရသူဖြစ်သည်။ ထိုမှတဆင့် မကွေးတိုင်း ပဒါန်းမြို့ အမြောက်တပ်ရှိရာ စစ်မြေပြင်သို့ အခြားစစ်မှုထမ်းတပ်သား (၁၁၈) ဦးနှင့်အတူ ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။

“ပင်ပန်းမယ့် အလုပ်တွေဆိုရင်လည်း ကျနော်တို့ ပ/စတွေကို ခိုင်းပါတယ်။ ရန်သူနဲ့ တိုက်ပွဲဝင်ရမယ် ရှေ့ကို တိုက်ရမယ်ဆိုရင်လည်း ကျနော်တို့ကို ရှေ့ကို တက်ခိုင်းပါတယ်။ သူတို့တွေက နောက်မှာနေပါတယ်။ ထိခိုက်မှု ကျဆုံးမှုတွေများတာကတော့ ကျနော်တို့ ပ/စတွေပဲ များပါတယ်။ ကျနော်တို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရှေ့ကိုလည်း မပြေးရဲ၊ နောက်ကိုလည်း မဆုတ်ရဲပါ။ ရှေ့ကိုပြေးရင်လည်း ရန်သူရဲ့ ပစ်သတ်တာ ခံရမယ်၊ နောက်ဆုတ်ရင်လည်း ကျနော်တို့တပ်ရင်းမှူးက ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာ ခံရပါတယ်” ဟု ကိုယ်ပိုင်အမှတ် ပစ/၁၆၈၂၇၃ တပ်သားချစ်ကိုဇင်က ပြောပါသည်။ ၉

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန် ကြီးဌာန (MOD) ၏ ကြေညာချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် သြဂုတ်လကုန်အထိ ပြုလုပ်ခဲ့ သော စစ်မှုထမ်းသင်တန်းအပတ်စဉ် (၂၇) ခုအတွင်း အရပ်သားပြည်သူ (၁၃၅၀၈၀) ဦးခန့်အား စစ်သင်တန်းများပေးပြီး အာဏာသိမ်းစစ်အုပ်စုအနေဖြင့် သင်တန်းသားများအား စစ်မြေပြင်သို့ ပို့ဆောင်ကာ လူလှိုင်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းများအတွင်းရှိ စစ်သည်အင်အား (၈၀) ရာခိုင်နှုန်းခန့်သည် စစ်မှုထမ်းသင်တန်းဆင်းများသာဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။ ၁၀

ထို့အပြင် အဆိုပါ (၂) နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးသူ (၂၀၃၈၃) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၉၇၉၂) ဦး၊ ဘက်ပြောင်းခိုလှုံသူ (၃၈၇၄) ဦး၊ တပ်ကို စွန့်ခွာထွက်ပြေးသူ (တပ်ပြေး) (၂၀၀၀၀) ခန့်ရှိပြီး စုစုပေါင်း စစ်သည်အင်အား (၅၄၀၄၉) ခန့် ပြုန်းတီးခဲ့ရပြီး MOD အပါအဝင် ဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံ ဖမ်းဆီးခံနေရသည့် ရာနှင့်ချီသော စစ်သုံ့ပန်းများလည်းရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အုပ်စု၏ စစ်သည်အင်အားပြုန်းတီးမှုအား အချိန်တိုအတွင်း ဖာထေးနိုင်ရေးအတွက် ကြိုးပမ်းနေသော်လည်း အရေအတွက်ပြည့်မီရေးကိုသာ အတင်းအဓမ္မဖမ်းဆီးခြင်းဖြင့် ဖြည့်တင်းနိုင်သေးသည်ဟု ဆိုရမည်ဖြစ်သော်လည်း နိုင်ငံတဝှမ်း စစ်မျက်နှာအသီးသီးအတွင်း စစ်ရေးအရ ရှုံးနိမ့်နေခြင်းကိုမူ စစ်မှုထမ်းအင်အားဖြင့် ပြန်လည်အဖတ်ဆယ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

စစ်အုပ်စု၏ လူဖမ်းပွဲမှ ဘယ်လို‌ရှောင်လွှဲကြမလဲ

NUG-MOD ကတော့ (၁) အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် တော်လှန်ရေးနယ်မြေများသို့ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန်၊ (၂) ပေါ်တာဆွဲခံရမည့်အရေးကို ရှောင်လွှဲ နိုင်ရန်အတွက် တစ်ဦးတည်းသွားလာခြင်း၊ ညဘက်အပြင်ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ (၃) မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရလျှင် အခွင့်သာပါက အာဏာသိမ်းစစ်တပ်ကို စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်ပါ တပါတည်းယူဆောင်လာရန်ဟူသော အချက် (၃) ချက်ကို လူငယ်များအား တိုက်တွန်းထားပါသည်။

ထို့အပြင် ရပ်ရွာလူထုအနေဖြင့်လည်း မိမိရှေ့မှောက်တွင် လူပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်တားဆီးကြပါရန် NUG-MOD က နှိုးဆော်ထားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က “တယောက်ချင်း ကိုယ်လွတ်မရုန်းနဲ့၊ မရဘူး။ လာဘ်ထိုးပြီးတော့ ကာလတခုရှောင်တာလည်း မရဘူး။ သဘောက ပေးနိုင်မှန်းသိရင် ပိုးဆိုးတယ်။ ကျနော်တို့ တပြိုင်နဲ့၊ တခဲနဲ့ ဆန့်ကျင်ရမယ်” ဟု ဆိုပါသည်။ အာဏာသိမ်းစစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ အသက်သွင်းခြင်းနှင့် လူငယ်များအား အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းစေခြင်းသည် ၎င်းတို့၏ အစေ အပါး ထောက်တိုင်များကို အားကောင်းစေရေး မွေးမြူနေခြင်းဖြစ်ပြီး “တရားဝင်ပြန်ပေးဆွဲဂိုဏ်းကြီးကို မြို့ပေါ်မှာ စိတ်ကြိုက်ရမ်းကားခွင့်ရသွားစေတာ” ဟု ဦးမင်းကိုနိုင်က ထောက်ပြသည်။ ၁၁

‌သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အတွက် အသက်ပေးမည့်သူကို အချိန်နှင့်အမျှ လိုအပ်နေသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက်ဟူသော ဝါဒမှိုင်းများသည် ၎င်းတို့၏ စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေရေး အတွက် အသုံးပြုသော စကားလုံးသပ်သပ်သာ ဖြစ်သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုး ဆက်ဖြစ်သော ပြည်တွင်းစစ်ရေးပဋိပက္ခဖြစ်စဉ်များ အပြန့်ကျယ်ပြင်းထန်လာခြင်းကို ရပ်တန့်ရန်အတွက် ကြိုးပမ်းအားထုတ်ခြင်းမရှိဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက်ဟုဆိုကာ လူငယ်များအား အတင်းအဓမ္မဖမ်း ဆီးပြီး စစ်မှုထမ်းအဖြစ် စစ်မြေပြင်သို့ ပို့ဆောင်နေခြင်းသည် အလွန်ကောက်ကျစ်သော လိမ်လည်လှည့် ဖြားမှုဖြစ်ကြောင်း ရှုမြင်ပါသည်။

ဗိုလ်ချူပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုလုပ်ငန်းစဉ်အတွင်း တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်၊ ထိုးစစ်အရှိန်ကြောင့် သောင်းနှင့်ချီသော မြေပြင်စစ်သည်အင်အားများ ပြုန်းတီးခဲ့ရသလို ရာနှင့်ချီသော မြို့ရွာများ၊ စစ်စခန်းများကို လက်လွှတ်ဆုံးရပါသည်။ ထို့အတွက် နိုင်ငံတဝှမ်း တောင်တန်းမြေပြန့်ဒေသအ လိုက် မြို့ပေါ်ရပ်ကွက်အစ ကျေးရွာဇနပုဒ်အဆုံး အရပ်သားလူငယ်များအား အဓမ္မဖမ်းဆီးနေခြင်းသည် စစ်ကျွန်ဇာတ်သွင်းမည့် လူဖမ်းပွဲမျှသာဖြစ်ပြီး ရရာနည်းလမ်းဖြင့် ရှောင်လွှဲနိုင်မှသာ စစ်အုပ်စုအတွက် အလဟဿ အသက်ပေးရမည့် စစ်မှုထမ်းအရေးမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရန်ကုန်မြို့၏ တနေရာ၊ ပန်းရံအလုပ်ကအပြန် ဖမ်းဆီးခံခဲ့ရာမှ စစ်မြေပြင်အထိ ရောက်ရှိခဲ့ရသူ ကိုယ်ပိုင်အမှတ် ပစ/၁၆၈၂၇၃ တပ်သားချစ်ကိုဇင်က ယခုလိုပြောဆိုထားပါသည်။

“ကျနော်တို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရှေ့ကိုလည်း မပြေးရဲ၊ နောက်ကိုလည်း မဆုတ်ရဲပါ။ ရှေ့ကို ပြေးရင်လည်း ရန်သူရဲ့ ပစ်သတ်တာခံရမယ်၊ နောက်ဆုတ်ရင်လည်း ကျနော်တို့တပ်ရင်းမှူးက ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာ ခံရပါတယ်”

“နိုင်ငံတဝှမ်း တောင်တန်းမြေပြန့်ဒေသအလိုက် မြို့ပေါ်ရပ်ကွက်အစ ကျေးရွာဇနပုဒ်အဆုံး အရပ်သားလူငယ်များအား အဓမ္မဖမ်းဆီးနေခြင်းသည် စစ်ကျွန်ဇာတ်သွင်းမည့် လူဖမ်းပွဲမျှသာဖြစ်ပြီး ရရာနည်းလမ်းဖြင့် ရှောင်လွှဲနိုင်မှသာ စစ်အုပ်စုအတွက် အလဟဿ အသက်ပေးရးရမည့် စစ်မှုထမ်းအရေးမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း . . . “

၁။ Rangoon Scout Network မှ ထုတ်ပြန်ချက်များ၊ ၂၀၂၆ စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ
၂။ ရန်ကုန်မြို့တွင်း နေ့ခင်းဘက်ပါ ဖမ်းဆီး​နေ၍ တပ်သားစု​ဆောင်းမှု အ​ခြေအ​​နေအဆိုးဆုံးဖြစ်​၊ မဇ္စျိမ၊ ၉ စက်တင်ဘာ ၂၀၂၆
၃။ မြောင်းမြတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် လူစားထိုး ရောင်းချနေ၊ ဒီဗွီဘီ၊ ၁၉ စက်တင်ဘာ ၂၀၂၆
၄။ မုံရွာမြို့၌ ထောက်ပံ့ကြေးပေးမည်ဆိုကာ အရပ်သား ၁၀၀ ခန့်ကို စစ်တပ်က ဖမ်းဆီး၊ ဒီဗွီဘီ၊ ၇ သြဂုတ် ၂၀၂၆
၅။ ပူတာအိုမှာ လူငယ် ၂၀၀ ဝန်းကျင်ဖမ်းဆီးခံရ၊ KNG၊ ၂၁ စက်တင်ဘာ ၂၀၂၆
၆။ မြဝတီမှာ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းအတွက် ဖမ်းဆီးချုပ်နှောင်ထား၊ သံလွင်တိုင်းမ်၊ ၁၆ စက်တင်ဘာ ၂၀၂၆
၇။ မြဝတီမြို့မှာ ပြည်သူ့စစ်အဖွဲ့တွေ စစ်မှုထမ်းရောင်းစားပြီး စီးပွားဖြစ်လာ၊ ၂၃ စက်တင်ဘာ ၂၀၂၆
၈၊။ မြင်းခြံမြို့တွင် စစ်မှုထမ်း မဲ မနှိုက်ရဘဲ မဲပေါက်သည်ဆိုကာ အိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီး၊ မဇ္စျိမ၊ ၁၇ စက်တင်ဘာ ၂၀၂၆
၉။ စစ်မှုထမ်း တပ်သားသစ်များကို လူသားလှိုင်း စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အသုံးပြုနေ၊ DMG ၊ ၂၄ ဇန်နဝါရီလ ၂၀၂၆
၁၀၊ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုအစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ကြ၊ NUG-MOD၊ ၁၈ စက်တင်ဘာ ၂၀၂၆
၁၁။ စစ်မှုထမ်းဥပဒေကြောင့် စစ်အုပ်စုဟာ တရားဝင်လိုင်စင်ရ ပြန်ပေးဆွဲဂိုဏ်ကြီး တစ်ခုဖြစ်နေပြီဟု ပြော ၊ NMG၊ ၂၉ စက်တင်ဘာ ၂၀၂၆