မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့)

By MPM 10 အောက်တိုဘာ, 2025 👁

nda

 

စတင်ဖွဲ့စည်းသည့်နေ့စွဲ – ၁၉၈၉

ရုံးချုပ် – မိုင်းလား၊ ရှမ်းပြည်နယ်အရှေ့ပိုင်း

လှုပ်ရှားရာနယ်မြေ – မိုင်းလား၊ ရှမ်းပြည်နယ် (အထူးဒေသ ၄)

ဥက္ကဌ – ဦးထိန်လင်း

ဒုဥက္ကဌ – ဦးစန်ပေ့၊ ဦးဆန်လူ

အထွေထွေအတွင်းရေးမှူး – ဦးကြည်မြင့်

Facebookhttps://www.facebook.com/monglanewscna1976

Websitehttp://www.4tzx.com/

NDAA – ESS အနေဖြင့် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့်မူကို ကိုင်စွဲကာ ဘက်မလိုက်နိုင်ငံရေးရပ်တည်မှုကို ကျင့်သုံးပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရေး၊ ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအကျိုးစီးပွားကို ကာကွယ်ရေး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရေးနှင့် နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ကွယ်လွန်သွားသည့် ဥက္ကဌဟောင်း ဦးစိုင်းလင်းက ပြောဆိုထားသည်။ အာဏာသိမ်းစစ်အုပ်စုနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိနေသည့် NDAA-ESS အနေဖြင့် ၎င်းတို့၏ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာချိန်တွင်တော့ ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း မည်သည့်ပဋိပက္ခတွင်မျှ ပါဝင်ခြင်း၊ စွက်ဖက်ခြင်းမျိုး ပြုမည်မဟုတ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း NDAA – ESS က သဘောထားထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့်ပြုလုပ်သော စစ်အုပ်စုနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား တွေ့ဆုံဆွေးနွေးပွဲများကိုတော့ မိုင်းလားမြို့ပေါ်တွင် NDAA က စီစဉ်ပေးခဲ့ဖူးပါသည်။ အထူးဒေသ (၄) အနေဖြင့် ဥက္ကဌအသစ်ဖြစ်လာသူ ဦးထိန်လင်း၏ ဦးဆောင်မှုအောက်တွင် အဆင့်မြင့် ကိုယ်ပိုင်အုပ်ခွင့်ရရှိရေးဟူသည့် နိုင်ငံရေးရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်ရင်း၊ တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သဟဇာတဖြစ်မှု၊ သာယာလှပသော လူမှုပတ်ဝန်းကျင်ဖြစ်တည်မှု စသည့် အရှိန်အဟုန်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုထားပါသည်။

အာဏာသိမ်းစစ်အုပ်စုကမူ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁ ရက်မှစတင်ပြီး NDAA-ESS ထိန်းချုပ်အခြေစိုက်ရာ မိုင်းလားမြို့နယ်အား စစ်အုပ်ချုပ်ရေးကျင့်သုံးမည့် မြို့နယ်အဖြစ် ကြေညာခဲ့သည်။ သြဂုတ်လ ၇ ရက်နေ့၊ NDAA-ESS နှင့် စစ်အုပ်စု၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင်တော့ မိုင်းလားမြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာမှုသည် သင့်လျော်မှုမရှိကြောင်း NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောဆိုခဲ့ပါသည်။ 1

1. မိုင်းလား စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပေးဖို့ NDAA ဆွေးနွေး၊ ဧရာဝတီ၊ ၈ သြဂုတ် ၂၀၂၅

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅