ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

By MPM 26 အောက်တိုဘာ, 2026 👁 523

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၃၊ ၁၉၇၆၊ ဇန်နဝါရီ ၁၉၉၂၊ ဇန်နဝါရီ ၂၀ဝ၉

ရုံးချုပ် – နမ့်ဆန်မြို့နယ်

လှုပ်ရှားရာ နယ်မြေ – ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၁၇) ခု

ဥက္ကဌ – ဗိုလ်ချုပ် တားအိုက်ဘုန်း

ဒုဥက္ကဌ – ဗိုလ်မှူးချုပ် တားဂျော့ကြာ

အထွေထွေအတွင်းရေးမှူးချုပ် – ဗိုလ်မှူးချုပ် တားဘုန်းကျော်

နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု –

  • ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်
  • တအာင်းပြည်ကောင်စီ (TLC) အဖွဲ့ဝင်

Facebook – https://www.facebook.com/profile.php?id=100064235945809

Website – https://www.taangland.org/

“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၊ ဒုတိယလှိုင်းကာလများသည် တအာင်းလူမျိုးများအပါအဝင် တော်လှန်ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ PSLF/TNLA အပေါ် မျှော်လင့်ချက်အမြင့်မားဆုံးဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ အဆိုပါစစ်ဆင်ရေးကာလမျာအးတွင်း မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စသော မြို့ပေါင်း (၁၂) မြို့ကို TNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေသော တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်း ဦးဆောင်မှုအခန်းကဏ္ဍကနေ PSLF/TNLA အနေဖြင့် တင်းပြည့်ကျပ်ပြည့်ပါဝင်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် TPCC အား တအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် TLC ၏ ဥက္ကဌအဖြစ် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက တာဝန်ယူခဲ့သည်။

တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင် (၃) ရပ်အား ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရန်ရည်ရွယ်ထားသည့် TLC အနေဖြင့် လာမည့်ခြောက်လအတွင်း အာဏာသိမ်းစစ်အုပ်စုကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်အား ဆက်လက်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ ထို့အပြင် မြန်မာပြည်တဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

PSLF/TNLA ဦးဆောင်သော တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းနိုင်ခြင်းသည် တအာင်းဒေသတွင်း တော်လှန်ရေး၏အရွေ့ကို ထင်ရှားစေသော်လည်း အခြားတဖက်တွင်တော့ ဒေသတွင်း လူမျိုးရေးကိစ္စရပ်များ၊ တရုတ်အစိုးရ၏ ဖိအားနှင့် အာဏာသိမ်းစစ်အုပ်စု၏ အရှိန်မြှင့်လာသော လေကြောင်းတိုက်ခိုက်မှုများသည် ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့်ပင် နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့များအား စစ်အုပ်စုထံ ပြန်လည်လက်လွှတ်ခဲ့ရသည်။

ထို့နောက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှု၊ ဖိအားပေးမှုများကြောင့် အာဏာသိမ်းစစ်တပ်နှင့် PSLF/TNLA အကြား တွေ့ဆုံဆွေးနွေးခဲ့ရပြီး နှစ်ဖက်အပစ်ရပ်သဘောတူညီမှုရရှိကာ မန္တလေးတိုင်းအတွင်းရှိ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သော မိုးကုတ်နှင့် မိုးမိတ်မြို့များအား စစ်အုပ်စုထံ ပြန်လည်လွှဲအပ်ပေးခဲ့ရပြီး တော်လှန်ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ ပြစ်တင်ဝေဖန်မှုများအား ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

အခြားတဖက်တွင်လည်း ဒေသတွင်း လူမျိုးရေးကိစ္စရပ်များအပါအဝင် နယ်မြေပိုင်ဆိုင်မှု၊ မြေပြင်လှုပ်ရှားမှုများကို အကြောင်းပြုပြီး ကွတ်ခိုင်၊ မူဆယ်၊ သီပေါနှင့် ကျောက်မဲမြို့နယ်များအတွင်း SSPP/SSA နှင့် TNLA အကြား တိုက်ပွဲဖြစ်ပွားသည်အထိ ပွတ်တိုက်မှုအရှိန်မြင့်ခဲ့သလို့ KIO/KIA နှင့်လည်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် တင်းမာမှုများဖြစ်ပွားခဲ့သည်။ ပို၍ဆိုးသည်က “၁၀၂၇ စစ်ဆင်ရေး” အတွင်း အတူသိမ်းပိုက်ရရှိခဲ့သည့် ကွတ်ခိုင်မြို့နယ်အတွင်း MNDAA နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ ကွတ်ခိုင်မြို့အား MNDAA ထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် PSLF/TNLA ၏ စစ်ရေး နိုင်ငံရေးရေချိန် အနိမ့်အမြင့်၊ အပြောင်းအလဲများသည် အလွန်မြန်ဆန်ခဲ့သည်ဟု ဆိုရပါမည်။

လက်ရှိအချိန်တွင် တရုတ်အစိုးရ၏ ဖိအားကြောင့် အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေရသလို ၎င်းကိုယ်တိုင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေသည့် တအာင်းပြည်ကောင်စီ (TLC) ၏ ဦးတည်ရာအရွေ့ကိုလည်း PSLF/TNLA အနေဖြင့် ပဲ့ကိုင်ခုတ်မောင်းရမည့်အခြေအနေမျိုး ဖြစ်နေပါသည်။ TLC သည် တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) တွင် ပါဝင်ထားပြီး တော်လှန်ရေးအင်အားစုအများစု သဘောတူလက်ခံထားသည့် ဘုံနိုင်ငံရေးရပ်တည်ချက် (၆) ရပ်နှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် Botton-up Federalism Approach အခြေခံမူကို ပါဝင်သဘောတူထာပါသည်။

တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် TLCနှင့်အတူ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် PSLF/TNLA ၏ အခန်းကဏ္ဍကို စောင့်ကြရပါမည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆