|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၃၊ ၁၉၇၆၊ ဇန်နဝါရီ ၁၉၉၂၊ ဇန်နဝါရီ ၂၀ဝ၉ ရုံးချုပ် – နမ့်ဆန်မြို့နယ် လှုပ်ရှားရာ နယ်မြေ – ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၁၇) ခု ဥက္ကဌ – ဗိုလ်ချုပ် တားအိုက်ဘုန်း ဒုဥက္ကဌ – ဗိုလ်မှူးချုပ် တားဂျော့ကြာ အထွေထွေအတွင်းရေးမှူးချုပ် – ဗိုလ်မှူးချုပ် တားဘုန်းကျော် Facebook – https://www.facebook.com/profile.php?id=100064235945809 Website – https://www.taangland.org/ အနီးဆုံးနှင့် အမြင်သာဆုံးအရွေ့အပြောင်းအဖြစ် “၁၀၂၇ စစ်ဆင်ရေး” အတွင်း PSLF/ TNLA သည် ညီနောင်မဟာမိတ် (၂) ဖွဲ့နှင့်အတူ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တဆက်တည်းတွင် နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာခဲ့ကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များကိုလည်း ပူးတွဲပါဝင်စေကာ အာဏာသိမ်း စ်အုပ်စုအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ဦးဆောင်မှုပြုခဲ့ပါသည်။ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၊ ဒုတိယလှိုင်းများအတွင်း မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စသော မြို့ပေါင်း (၁၂) မြို့ကို စစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေရသည့်တိုင် ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များ၊ နယ်မြေများကို ပြန်ပေးမည်မဟုတ်ကြောင်း PSLF/TNLA က စိတ်ပိုင်းဖြတ်ထားသည်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှချုပ်ငြိမ်းရေးသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း အစဉ်တစိုက်ပါဝင်လာခဲ့သော တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ကို တအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲ့စည်းကာ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် TLC ၏ ဥက္ကဌအဖြစ် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက တာဝန်ယူထားသည်။ တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင် (၃) ရပ်အား ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည့် TLC အနေဖြင့် လာမည့်ခြောက်လအတွင်း အာဏာသိမ်းစစ်အုပ်စုကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်အား ဆက်လက်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ ထို့အပြင် မြန်မာပြည်တဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားပါသည်။ PSLF/TNLA ဦးဆောင်သော တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းနိုင်ခြင်းသည် တအာင်းဒေသတွင်း တော်လှန်ရေး၏အရွေ့ကို ထင်ရှားစေသော်လည်း အခြားတဖက်တွင်တော့ ဒေသတွင်း လူမျိုးရေးကိစ္စရပ်များ၊ တရုတ်အစိုးရ၏ ဖိအားနှင့် အာဏာသိမ်းစစ်အုပ်စု၏ အရှိန်မြှင့်လာသော လေကြောင်းတိုက်ခိုက်မှုများသည် ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့်ပင် တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် နောင်ချိုမြို့အား စစ်အုပ်စုထံ ပြန်လည်လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ မည်သို့ဆိုစေ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် တအာင်းပြည်ကောင်စီ (TLC) နှင့်အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် PSLF/TNLA ၏ အတွန်းအလှုပ်များကို ဆက်လက်မြင်တွေ့ရနိုင်ပါသည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
By MPM
10 အောက်တိုဘာ, 2025
👁
