ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်

By MPM 8 ဇူလိုင်, 2022 👁

dkba-5 flag


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၈ နိုဝင်ဘာ ၂၀၁၀

ရုံးချုပ် – ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံစည်းမြိုင်ကျေးရွာ

လှုပ်ရှားရာနယ်မြေ – ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူတောင်ကြား

စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီး စောစတီး

ဒုတိယ စစ်ဦးစီးချုပ် – ဒုတိယ ဗိုလ်ချုပ်ကြီးစောရွှေဝ

စစ်ရေးချုပ် – ဗိုလ်မှူးကြီး စောစိန်ဝင်း

Facebook – https://www.facebook.com/klohhtoobor/

DKBA အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားသော်လည်း ၎င်းတို့ ထိန်းချုပ်လှုပ်ရှားရာဒေသပတ်ဝန်းကျင်ရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များ၏ အဖျားခတ်ခံရခြင်း၊ စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း တိုက်ရိုက်မဟုတ်ဘဲ သွယ်ကာဝှိက်ကာ ပါဝင်ပတ်သက်မှုများ ရှိနေခဲ့ရပါသည်။ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများအား ဖြေရှင်းနှိမ်နင်းရေးသည် DKBA အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေပါသည်။

NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း EAO Alliance တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေပြီး အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား ဘက်မလိုက်မိစေရေး သတိထားချဉ်းကပ်နေသော်လည်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို မရှောင်လွှဲနိုင်ခဲ့သလို ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ စောင့်ကြည့်ခြင်းကို ရင်ဆိုင်နေရပါသည်။

၂၀၂၅ ခုနှစ် မေလ ၂၃ ရက်၊ မြဝတီ-ဝေါလေ ကားလမ်းမဘေးရှိ အာဏာသိမ်းစစ်အုပ်စု၏ ဘလယ်ဒိုစခန်းအား KNU နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်စဉ်အတွင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်အုပ်စုတပ်သားများသည် ဆုံစည်းမြိုင်ရွာရှိ DKBA ဌာနချုပ်သို့ ဝင်ရောက်လာသဖြင့် စစ်အုပ်စု၏တပ်သားများ တပ်စွဲမည့်အရေးကို လက်မခံကြောင်း DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ပြောဆိုခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြဝတီမြို့တောင်ဘက်ခြမ်း၊ ဝေါလေမြိုင်မြို့နယ်အနီးရှိ DKBA ဗဟိုလုံခြုံရေးတပ်ရင်း (၃) တပ်ရင်းရုံးကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် ကရင်ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ပွဲများအတွင်း ဗိုလ်ဘိဦးဆောင်သော DKBA ခွဲထွက်အဖွဲ့ကို အသုံးချလျက်ရှိပါသည်။ ယင်းအဖွဲ့သည် ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဩဝါဒလမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ တင်းပြည့်ကျပ်ပြည့် ရပ်တည်နေသည့်အဖွဲ့ ဖြစ်သည်။

စစ်အုပ်စုက ဦးဆောင်ပြုလုပ်သည့် နေပြည်တော်ရှိ “ငြိမ်းချမ်းရေးဖိုရမ်- ၂၀၂၅” ကို တက်ရောက်ခဲ့သူ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း၏ နေအိမ်ကိုလည်း ၂၀၂၅ ခုနှစ် သြဂုတ်လ ၃ ရက်၊ ညနေ (၅) နာရီဝန်းကျင်တွင် ကာမီကာဇေ (အသေခံဒရုန်း) ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ထိုနေ့တွင် လေကြောင်းတိုက်ခိုက်မှုလည်း ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။ 2 ဗိုလ်မှူးကြီးစောစိန်ဝင်းသည် DKBA နယ်မြေအတွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပဖို့ မလွယ်ကူကြောင်းနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေးမရရှိသေးဘဲ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး ပါဝင်ကူညီရန် မလွယ်ကူကြောင်း ပြောဆိုထားသူဖြစ်သည်။

စစ်အုပ်စု၏ အသုံးချခံ မဖြစ်ရေးအတွက်လည်း သတိထားချဉ်းကပ်နေရသည့် DKBA သည် လေကြောင်းတိုက်ခိုက်မှုများဖြင့် အာဏာသိမ်းစစ်အုပ်စု၏ ဖိအားပေးခံနေရသည်ဟု ဆိုရပါမည်။

2.  DKBA စစ်ရေးချုပ်ဗိုလ်မှူးကြီး စောစိန်ဝင်းနေအိမ်ကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ မဇ္ဈိမ၊ ၄ သြဂုတ် ၂၀၂၅

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅