ချင်းအမျိုးသားတပ်ဦး

By MPM 8 စက်တင်ဘာ, 2025 👁

chin national flag 1024 x 768


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈

ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း)

လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ

ဥက္ကဌ – ပူးဇင်ကျုံး (Pu Zing Cung)

ဒု-ဥက္ကဌ (၁) – ပူးထန်းနိန်းကီး (Pu thang Ning Kee)

အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei)

Facebook – https://www.facebook.com/cnfhq

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကျောခိုင်းခဲ့သည့် CNF သည် နွေဦးတော်လှန်ရေးအတွင်း စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေး စသည့် ကဏ္ဍအသီးသီးတွင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် လှုပ်ရှားလျက်ရှိပါသည်။

“စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” တွင် CNF ပါဝင်နေသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားထုတ်ပြန်ရာတွင်လည်း CNF ပါဝင်နေသည်ကို တွေ့ရသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ နုတ်ထွက်ထားသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင် CNF အနေဖြင့် ပါဝင်ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေပါသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ နှုတ်ထွက်ကာ ချင်းပြည် (Chinland) ကောင်စီနှင့် ချင်းပြည် (Chinland) အစိုးရဖွဲ့စည်းမှုတွင် CNF အနေဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နောက်ဆက်တွဲအဖြစ် ချင်းဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် CNF/CNA အကြား စစ်ရေးအရ ပဋိပက္ခတိုက်ပွဲ ဖြစ်ပွားမှုများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲပွတ်တိုက်မှုများကို မကြာခဏတွေ့ရှိနေရပါသည်။ ထို့ကြောင့် အချင်းချင်းအကြား ပဋိပက္ခ အရှိန်လျော့ချရေးနှင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများအား ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများလည်း ရှိခဲ့ပါသည်။

CNF ဦးဆောင်သည့် ချင်းပြည် (Chinland) ကောင်စီနှင့် ICNCC အကြား ပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ်ပေါင်းစည်းရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် နှစ်ဖက် သဘောတူခဲ့ကြသည်။ ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန်အတွက်လည်း နှစ်ဖက်အကြား သဘောတူခဲ့ကြပါသည်။

ချင်းပြည်အတွင်းရှိ မြို့ပေါင်း (၁၆) မြို့အထိ အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် ချင်းတော်လှန်ရေးအင်အားစုများ၏ တော်လှန်ခွန်အားသည် အလွန်ကြီးမားသည်ဟု ဆိုနိုင်သော်လည်း အချင်းချင်းအကြား သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခဖြစ်စဉ်များသည် တော်လှန်ရေး၏အရှိန်ကို တုန့်ဆိုင်းစေခဲ့ပါသည်။ ချင်းဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများပေါင်းစည်းရေး၊ ညီညွတ်ရေးသည် စိန်ခေါ်မှုများစွာရှိသကဲ့သို့ အနာဂတ်ချင်းပြည်အတွက် အခွင့်အလမ်းကောင်းတရပ်လည်း ဖြစ်လာနိုင်ပါသည်။ CNF ၏ အခန်းကဏ္ဍသည် ထိုအခွင့်အလမ်းနှင့် စိန်ခေါ်မှုများအကြားတွင် ရောက်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅