|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈ ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း) လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ ဥက္ကဌ – ပူးဇင်ကျုံး (Pu Zing Cung) ဒု-ဥက္ကဌ (၁) – ပူးထန်းနိန်းကီး (Pu thang Ning Kee) အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei) နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု –
Facebook – https://www.facebook.com/cnfhq တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကျောခိုင်းခဲ့သည့် CNF သည် နွေဦးတော်လှန်ရေးအတွင်း စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေး စသည့် ကဏ္ဍအသီးသီးတွင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ နုတ်ထွက်ထားသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင် CNF အနေဖြင့်ပါဝင်ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေပါသည်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ နှုတ်ထွက်ကာ ချင်းပြည် (Chinland) ကောင်စီနှင့် ချင်းပြည် (Chinland) အစိုးရ ဖွဲ့စည်းမှုတွင် CNF အနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နောက်ဆက်တွဲအဖြစ် ချင်းဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် CNF/CNA အကြား စစ်ရေးအရ ပဋိပက္ခတိုက်ပွဲဖြစ်ပွားမှုများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲပွတ်တိုက်မှုများကို မကြာခဏ တွေ့ရှိနေရပါသည်။ ကြားဝင်စေ့စပ်ပေးကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများရှိနေခြင်းကြောင့် အချင်းချင်းအကြား ပဋိပက္ခအရှိန်လျော့ချရေးနှင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများအား ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများလည်းရှိခဲ့ပြီး CNF ဦးဆောင်သည့် ချင်းပြည် (Chinland) ကောင်စီနှင့် ICNCC အကြား ပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ပေါင်းစည်းရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် နှစ်ဖက် သဘောတူခဲ့ကြသည်။ ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန်အတွက်လည်း နှစ်ဖက်အကြား သဘောတူခဲ့ကြပါသည်။ ၂၀၂၄ ခုနှစ် ဇန်ဝါရီလ ၃၀ ရက်ထုတ် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” တွင် CNF ပါဝင်နေသလို တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) ၏ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားထုတ်ပြန်ရာတွင်လည်း CNF ပါဝင်ခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးရပ်တည်ချက် (၆) ရပ်သည် CNF ကိုင်စွဲရမည့် အခြေခံမူဖြစ်လာပြီး အာဏာသိမ်းစစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေးချဉ်းကပ်မှုကို CNF က ငြင်းပယ်ခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် အသစ်ဖြစ်တည်လာသော SCEF တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေသည့် CNF အနေဖြင့် ချင်းဒေသတွင်းတော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်းနိုင်ရေးသည်သာ စိန်ခေါ်မှုအဖြစ် ရှိနေသည်ဟု ဆိုရပါမည်။Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆ |
ချင်းအမျိုးသားတပ်ဦး
By MPM
26 အောက်တိုဘာ, 2026
👁 520
