|
|
|
ရုံးချုပ် – ဝမ်ဟိုင်း၊ ကျေးသီးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လှုပ်ရှားရာနယ်မြေ – သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးနှင့် ရပ်စောက်မြို့နယ်များ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များ ဥက္ကဌ – ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ ဒုဥက္ကဌ – ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင် အထွေထွေ အတွင်းရေးမှူး – ဗိုလ်မှူးကြီး ကျော်လှ Facebook – https://www.facebook.com/ssppinfo Website – https://ssppssa.org/ အာဏာသိမ်းစစ်အုပ်စုနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများရှိနေသည့် SSPP/SSA သည် ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ၎င်းတို့၏တပ်စခန်း (၁၀) အား ဆုတ်ခွာပေးရန် စစ်အုပ်စု၏ ဖိအားပေးမှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ တတိယအပတ်မှစတင်ပြီး စစ်အုပ်စုနှင့် ခပ်ခွာခွာဆက်ဆံရေးမျိုး ရောက်ရှိသွားခဲ့သည်။ စစ်အုပ်စုမှကျင်းပသော ငြိမ်းချမ်းရေးညီလာခံအား အဆင်သင့်မဖြစ်သေးဟုဆိုကာ တက်ရောက်ရန် ငြင်းပယ်ခဲ့သည်။ ၂၀၂၄ ခုနှစ် မေလ ၃ ရက်တွင်တော့ စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စုရရှိရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့်နည်းလမ်း မရှိတော့သဖြင့် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန်သာ ဆုံးဖြတ်ကြောင်း SSPP/SSA က ကြေညာသည်။ “စစ်အုပ်စုအဆက်ဆက်က တိုင်းရင်းသားလူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်” ဟု SSPP/SSA ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။ 1 ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပသော SSPP/SSA ၏ ဗဟိုကော်မတီ အစည်းအဝေးအတွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပါအဝင် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းရှိ အုပ်ချုပ်ရေးအခြေအနေများကို အလေးထားသုံးသပ်ခဲ့ကြသည်ဟု ဆိုပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စွဲကိုင်ကာ အပြန်အလှန်လေးစားအသိအမှတ်ပြုခြင်း၊ အပြန်အလှန်ရိုင်းပင်ကူညီခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေးကို ကြိုးပမ်းသွားမည်ဟု အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့ပါသည်။ စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ဒေသတစ်ခုတည်းအတွက် ကွက်ကြည့်ရေးဝါဒကို ရှောင်ကြဉ်ပြီး လူမျိုးအားလုံး၊ ဒေသအားလုံး လွှမ်းခြုံသည့် ဆောင်ရွက်ချက်ဖြင့်သာ ရေရှည်စုပေါင်းနေထိုင်နိုင်မည်ဟု SSPP/SSA က ယုံကြည်ထားပါသည်။ စစ်အာဏာသိမ်းကာလအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်စဉ်ပေါင်း (၄၀) အထိရှိခဲ့ပြီး ရှမ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှစ်ခုအကြား တိုက်ပွဲဖြစ်စဉ်များသည် အာဏာသိမ်းစစ်အုပ်စုအပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်စဉ်များထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရသည်။ နှစ်ဖက်ခေါင်းဆောင်နှစ်ဦး၏ ဆန္ဒအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှစပြီး ရှမ်းတပ်နှစ်တပ်အကြား အပစ်ရပ်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များအတွင်းထိပါ နှစ်ဖက်အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရသည်။ PSLF/TNLA၊ MNTJP/MNDAA တို့နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားမှုများကိုမူ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ (FPNCC) ၏ စားပွဲဝိုင်းတွင် ဖြေရှင်းလေ့ရှိသည်။
1. စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း SSPP ပြော၊ အာအက်ဖ်အေ၊ ၃ မေ ၂၀၂၄ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
သျှမ်းပြည်တိုးတက်ရေးပါတီ
By MPM
10 အောက်တိုဘာ, 2025
👁
