ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်

By MPM 10 အောက်တိုဘာ, 2025 👁

 

စတင်ဖွဲ့စည်းသည့်နေ့စွဲ – ၁၁ ဒီဇင်ဘာ ၁၉၄၉ (ပထမအကြိမ်)၊ ၇ – ၉ ဒီဇင်ဘာ ၂၀ဝ၉ (ဒုတိယအကြိမ်)

ရုံးချုပ် – မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း

လှုပ်ရှားရာ နယ်မြေ – ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်မြို့နယ်များ၊ ရှမ်းပြည်နယ်

ဥက္ကဌ – ဗိုလ်ချုပ်ခွန်သူရိန်

ဒုဥက္ကဌ – ခွန်ထွန်းတင်

အထွေထွေအတွင်းရေးမှူး – ခွန်အောင်မန်း

Facebookhttps://www.facebook.com/paohnationalliberationorganization

စစ်အာဏာသိမ်းကာလအတွင်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ PNLO အနေဖြင့် အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အုပ်စုနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း PNLO က ကြေညာခဲ့သည်။၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ၎င်းတို့လှုပ်ရှားရာ ဆီဆိုင်မြို့ပင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်အထိ PNLO နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအရှိန်သည် အားကောင်းခဲ့ပါသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁၊ ၁၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် PNLO/PNLA ၏ အရေးပေါ်အစည်းအဝေးတွင်တော့ နာယကဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးခွန်မင်းသိမ်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) နန်းယဉ်ယဉ်စိုးတို့ကို အဖွဲ့ချုပ်မှ ပေးအပ်ထားသည့် ရာထူး၊ တာဝန်အရပ်ရပ်ကို ရုပ်သိမ်းကာ ထုတ်ပယ်ခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့်အတူ ထုတ်ပယ်ခံရသူများသည် PNLO/PNLA နှင့် သက်ဆိုင်မှုမရှိတော့ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကိုယ်တိုင်ကလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်ကတည်းက အဖွဲ့မှနုတ်ထွက်ကြောင်း ကြေညာကာ PNLO-NCA-S အဖွဲ့ကို ဖွဲ့စည်းကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် ကြေညာခဲ့သည်။ ထို့နောက် NCA ကို ဆက်လက်ကိုင်စွဲကာ 7 EAO Alliance တွင် ပါဝင်နေပါသည်။ PNLO အဖွဲ့ချုပ်ကမူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးစီးသော PNLO- NCA-S သည် တရားဝင်မှုမရှိဘဲ အဖွဲ့ချုပ်နာမည် ထည့်သွင်းအသုံးချထားခြင်းအား ကွန့်ကွက်ထားသည်။

လက်ရှိဥက္ကဌ ခွန်သူရိန်ဦးဆောင်သော PNLO/PNLA အနေဖြင့် စစ်အုပ်စုထံမှ သိမ်းပိုက်ရရှိထားသည့် ဆီဆိုင်မြို့အား ပြန်လည်လက်လွှတ်ခဲ့ရသော်လည်း တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေးအရ ချိတ်ဆက်ဆောင်ရွက်မှုများရှိနေပြီး အထူးသဖြင့် ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ကို တွေ့ရသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅