|
|
|
စတင်ဖွဲ့စည်းသည့်နေ့စွဲ – ၉ ဧပြီ ၁၉၆၇ (ပထမအကြိမ်)၊ ၁ ဇွန် ၁၉၇၄ (ဒုတိယအကြိမ်) ရုံးချုပ် – အိန္ဒိယ-မြန်မာ နယ်စပ် လှုပ်ရှားရာနယ်မြေ – ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ် ဥက္ကဌ – ခိုင်ရဲခိုင် စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ် ခိုင်မင်းစိုး အထွေထွေအတွင်းရေးမှူး – ခိုင်ကျော်ခိုင် Facebook – https://www.facebook.com/profile.php?id=100091146005481 Website – http://www.arakanalp.com/ Email – [email protected] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်သည့် စစ်အာဏာသိမ်းကာလအတွင်း ALP သည် အုပ်စု (၃) ခုအထိ အကွဲအပြဲများခဲ့သည်။ ALP ဖြစ်တည်လျှောက်လှမ်းလာခဲ့သော နှစ်ပေါင်း (၅၀) ကျော်သက်တမ်းအတွင်း အကွဲအပြဲအများဆုံးကာလဟုပင် ဆိုရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဥက္ကဌ ခိုင်ရဲခိုင်အုပ်စုနှင့် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်အုပ်စုဟူ၍ နှစ်ခြမ်းကွဲသည်။ ခိုင်ရဲခိုင်အုပ်စုသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကျောခိုင်းခဲ့ပြီး ခိုင်စိုးနိုင်အောင်အုပ်စုသည် NCA အား ဆက်လက်စွဲကိုင်သည့်လမ်းကြောင်းကို ရွေးချယ်ခဲ့ သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခိုင်စိုးနိုင်အောင်အုပ်စုအား ALP မှ ထုတ်ပယ်ကြောင်း ဥက္ကဌ ခိုင်ရဲခိုင်အုပ်စုက ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်တွင်တော့ ခိုင်ရဲခိုင်အုပ်စုမှ ဒုဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းကလည်း “သွားလိုသည့်လမ်းကြောင်း မတူ” ဟုဆိုကာ ALP ပါတီကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၎င်းကိုယ်တိုင် ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ALP ပါတီအသစ်သည် NCA လမ်းကြောင်းကို ဆက်လက်ကိုင်စွဲကာ အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။ သို့သော် မတ်လ ၂၀ ရက်နေ့တွင်တော့ ဒေါ်စောမြရာဇာလင်း၏ ပါတီအသစ်ဖွဲ့စည်းခြင်းအား တရားမဝင်ကြောင်း ဥက္ကဌ ခိုင်ရဲခိုင်အုပ်စုမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ခိုင်ကျော်ခိုင်က ကြေညာချက်ထုတ်ပြန်ရှင်းလင်းခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင်တော့ NCA နှင့် ပတ်သက်သောသဘောထားတရပ်ထုတ်ပြန်ကာ ဥက္ကဌ ခိုင်ရဲခိုင်၏ ALP က NCA ကို ကျောခိုင်းခဲ့ပြီး ALP မှ ခွဲထွက်သွားသော ဒေါ်စောမြရာဇာလင်းအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေမှုများသည်လည်း ALP ပါတီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ကြေညာခဲ့သည်။ လက်ရှိဥက္ကဌ ခိုင်ရဲခိုင်ဦးဆောင်သည့် ALP အနေဖြင့် လက်နက်စွဲကိုင်ရေးမူကို ကိုင်စွဲရပ်တည်ကာ တော်လှန်ရေးနယ်မြေအတွင်း ဆက်လက်တိုက်ပွဲဝင်နေကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် စစ်အာဏာသိမ်းကာလအတွင်း ALP ၏ အကွဲအပြဲဇာတ်လမ်းသည် ပြန်လည်ပေါင်းစည်းနိုင်ရေးလမ်းစမျိုး မမြင်တွေ့ရသေးဟု ဆိုရမည်ဖြစ်ပါသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
By MPM
18 စက်တင်ဘာ, 2025
👁