မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

By MPM 26 အောက်တိုဘာ, 2026 👁 437

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ နိုဝင်ဘာ ၁၉၈၈

ဌာနချုပ် (တောင်ပိုင်း၊ မြောက်ပိုင်း) – KNU ထိန်းချုပ်နယ်မြေ၊ KIA ထိန်းချုပ်နယ်မြေ

လှုပ်ရှားရာနယ်မြေ – စစ်ကိုင်း၊ မကွေး၊ ရှမ်း (မြောက်)၊ မန္တလေး၊ မွန်၊ တနင်္သာရီဒေသများအတွင်းရှိ မြို့နယ်များ

ဥက္ကဌ – ရဲဘော်သံခဲ

ဒု-ဥက္ကဌ – ရဲဘော်လဆိုင်း

အထွေထွေအတွင်းရေးမှူး – ရဲဘော်ဆန်နီ

Facebook: https://www.facebook.com/theabsdf

Website: https://absdf.org

Email: [email protected]

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့သည်  ABSDF ၏ နိုင်ငံရေးဦးတည်ချက် (၄) ရပ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုသဘောတူစာချုပ် (NCA) အရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းကာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေးအတွင်း အပြည့်အဝ ပူးပေါင်းပါဝင်လှုပ်ရှားလာခဲ့သည်။ နွေဦးတော်လှန်ရေးကာလ (၅) နှစ်ကျော်အတွင်း ရောက်ရှိလာချိန်အထိ အာဏာသိမ်းစစ်အုပ်စုအား ဘက်ပေါင်းစုံမှ ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအတွင်း ABSDF ၏ ပူးပေါင်းပါဝင်မှု၊ မဟာမိတ်ဖွဲ့လှုပ်ရှားမှု၊ စစ်ရေး၊ နိုင်ငံရေးအရ အရွေ့အပြောင်းများသည် ပိုမိုထင်ရှားလာသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ABSDF အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ပြီး နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသလို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ ယောတပ်တော် (YA)၊ အညာဗျူဟာ (Anyar Tactic) ၊ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)၊  ရတနာပုံစစ်ကြောင်း စသည့် နယ်မြေဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးကာ စစ်ရေး၊ နိုင်ငံရေး၊ လူထုစည်းရုံးရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကအစ အပြန်အလှန် ပူးပေါင်းလှုပ်ရှားနိုင်ရေးအတွက် သဘောတူညီချက်များရယူခြင်း၊ နည်းလမ်းဖွေရှာခြင်း၊ မဟာမိတ်ဖွဲ့ခြင်းတို့ကို  အရှိန်မြှင့်လုပ်ဆောင်နေပါသည်။ အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း အစုအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ၎င်းတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကြောင့် စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်းချက်များ ပျက်ဆီးသွားခဲ့ပြီး NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်လည်း ရပ်ဆိုင်းကာ စက္ကူစုတ်အဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် KNU၊ CNF ၊ NMSP (AD) ၊ PNLO၊ LDU တို့နှင့်အတူ ABSDF က ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။ စစ်အုပ်စု၏ NCA အမည်ခံသော ဟန်ပြလုပ်ငန်းစဉ်များသည်လည်း နိုင်ငံ့အကျပ်အတည်း၊ ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ ပဋိပက္ခများသည် ပိုမိုရှည်ကြစေလိမ့်မည်ဟုဆို ဆိုထားပါသည်။

ABSDF ၏ စစ်ရေးအရ လှုပ်ရှားမှုများကို လေ့လာကြည့်လျှင် နယ်မြေတစ်ခုအတွင်း အဖွဲ့အစည်းတစ်ခုတည်း ဦးတည်တိုက်ခိုက်ခြင်းထက် ဒေသအလိုက်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေးပုံစံမျိုးကို အများဆုံးလှုပ်ရှားလေ့ရှိသည်ကို တွေ့ရသည်။ ဥပမာ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် စတင်ခဲ့သည့် တော်လှန်ရေးအင်အားစုများ၏ ကသာမြို့သိမ်းတိုက်ပွဲအတွင်း KIA၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA တို့နှင့်အတူ အာဏာသိမ်းစစ်တပ်အား ABSDF ကလည်း ပူးပေါင်းပါဝင်လှုပ်ရှားနေခဲ့သည်ကို တွေ့ရသည်။

ABSDF ဥက္ကဌ ၏ အဆိုအရတော့ ၎င်းတို့အနေဖြင့် မိုးမောက်၊ မံစီ၊ ဗန်းမော်၊ မော်လူး၊ ကသာ၊ ထီးချို့င့်၊ အင်းတော်၊ ယင်းမာပင်၊ မြေလတ်၊ ယော၊ မာနယ်ပလော၊ မဲသဝေါ၊ ကော့ကရိတ်၊ ကျိုက်ထို၊ တနင်္သာရီ စသည့် မြို့နယ်များအတွင်း ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းလှုပ်ရှားလျက်ရှိပြီး နယ်မြေ၊ စခန်းနှင့် စစ်ကြောင်းအသီးသီးတွင် ကျရာတာဝန်ကို ထမ်းဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ ABSDF တပ်ဖွဲ့သည် လူမျိုးပေါင်းစုံ၊ အင်အားစုအသီးသီးနှင့်အတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ဖက်ဒရယ်အရေးတို့အတွက် ဟန်ချက်ညီညီ လက်တွဲတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆