
ပုဝါဖြူလေးကို ဆုပ်ကိုင်ထားသည့် သူ့လက်တဖက်က တဆတ်ဆတ်တုန်နေသည်။ ရင်ဘက်ထဲကထွက်လာသည့် သူ့အသံများကလည်း တချက်တချက် ချိုင့်ဝင်နေခဲ့သည်။ ရင်ကွဲလုမတတ်ဆို့နင့်နေသည့် သူ့ခံစားချက်များကြောင့် မျက်ရည်များစီးကျလာသော်လည်း နှုတ်ခမ်းကိုကိုက်ကာ မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် အဖြစ်သနစ်များကို ဆက်လက်တင်ပြနေခဲ့ပါသည်။
“Theater 21” ဟု အမည်ပေးထားသည့် ပုဝါဖြူကလေးသည် သာမာန် အလှအပအဆင်တန်ဆာတစ်ခုမျှသာမဟုတ်ဘဲ တော်လှန်ရေးကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် သူရဲကောင်းများနှင့် အပြစ်မဲ့ပြည်သူများ၏ အမည်များကို ရေးသားထားပြီး လွတ်လပ်မှုအတွက် အသက်ဆုံးရှုံးခဲ့ကြရသည့် ရဲစွမ်းသတ္တိပြည့်ဝသော သူရဲကောင်းများနှင့် အပြစ်မဲ့ပြည်သူများကို ကိုယ်စားပြုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။
ပုဝါဖြူလေးပေါ်က အမဲရောင်စာလုံးများကို အသေးစိတ်ကြည့်ရှုပါက အသက်ဆုံးရှုံးသွားရသူများ၏ အမည်နှင့် အသက်အရွယ်များကို တွေ့ရပြီး အသက်အငယ်ဆုံးသူရဲကောင်း (၂) လသားအရွယ် ရင်သွေးငယ်လေးမှသည် အသက်အကြီးဆုံးသူရဲကောင်း အသက် (၁၀၅) နှစ်အထိ ပါဝင်နေသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များနှင့် စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအကြောင်းနှင့် ကုလစင်မြင့်ပေါ်အထိ ရောက်ရှိလာခဲ့သော ပုဝါဖြူလေးအကြောင်းတို့ကို ဖြစ်စဉ်ဖြစ်ရပ်များနှင့် အချက်အလက်အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
ကုလစင်မြင့်ထက်က ပုဝါဖြူလေးတစ်စ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၊ အင်္ဂါနေ့။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပသော ကုသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) ၏ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးသော အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းက “Theater 21” ပုဝါဖြူလေးကို ဆုပ်ကိုင်ကာ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင် ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝန်းရှိ အပြစ်မဲ့ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများအား တိုးမြှင့်ကျူးလွန်နေကြောင်း၊ လေကြောင်းမှ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခြင်းနှင့် ကျေးရွာများအား စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများအား ကျူးလွန်နေကြောင်း၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများရှိ အရပ်သားပြည်သူများအပေါ် အဓိကပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ လူငယ်များအား အဓမ္မနည်းလမ်းဖြင့် စစ်မှုထမ်းတပ်သားစုဆောင်းကာ စစ်မြေပြင်လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်းနှင့် ငွေညှစ်ခြင်းများအကြောင်းနှင့် အာဏာသိမ်းစစ်အုပ်စု၏ “ငြိမ်းချမ်းရေးဆွေးနွေးရေး” ဟူသည်က အဆန်မပါသည့် ကတိအလွတ်မျှသာဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။
ထို့နောက် “Theater 21” အမည်ရှိ ပုဝါဖြူတစ်စကို ကိုင်မြှောက်ကာ အဆိုပါပုဝါဖြူလေးပေါ်မှ နာမည်များနှင့်အသက်များသည် အာဏာသိမ်းစစ်အုပ်စု၏ ကျည်ဆန်များ၊ ဗုံးများအောက်တွင် သေဆုံးခဲ့ရသည့် အပစ်မဲ့အရပ်သားပြည်သူများဖြစ်ကြောင်းနှင့် ပုဝါပေါ်တွင် နာမည်အသစ်များ ထပ်မံမရေးထိုးစေလိုတော့ကြောင်းကို မျက်ရည်များနှင့်အတူ ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုခဲ့ပါသည်။

“Theatre 21” ပုဝါစသည် နိုင်ငံကျော် အဆိုတော် လင်းလင်း ထုတ်ဝေသော “Theatre21 Album” ၏ နောက်ဆက်တွဲသတင်းစကားတစ်ခုဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသော သူရဲကောင်း များ မည်မျှရှိနေပြီဟူသည်ကို မမေ့စေလိုသည့်ဆန္ဒဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ AAPP ၏ စာရင်းအရ ၂၀၂၅ ခုနှစ် သြဂုတ် (၇) ရက်နေ့အထိ ကျဆုံးခဲ့ရသူ (၇၀၄၄) ဦး၏ နာမည်နှင့် အသက်များကို အဆိုပါပုဝါပေါ်တွင် ရေးထိုးထားခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်အထိ နိုင်ငံတဝှမ်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး သေဆုံးခဲ့ရသူပေါင်း (၈၆၂၁) ဦးအထိရှိလာကာ ထိုအထဲ အမျိုးသမီးနှင့် ကလေးသူငယ်အရေအတွက် (၃၄၃၅) ဦး ပါဝင်ကြောင်း သိရသည်။ ၁

အချက်အလက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များ


၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်အထိ စုဆောင်းရရှိထားသည့် BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်စဉ်များအတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၁၀၂၂၈) ဦးအထိ ရှိနေပြီဖြစ်သည်။ ၂ မိမိတို့မှတ်တမ်းပြုထားသည့် စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်စဉ်များအတွင်း သေဆုံးခဲ့ရသည့် စစ်အုပ်စုတပ်သားသေဆုံးမှု၊ ပြည်သူ့ကာကွယ်ရေးတပ်သားသေဆုံးမှုနှင့် အရပ်သားပြည်သူသေဆုံးမှု အခြေအနေများအား နှိုင်းယှဉ်လေ့လာကြည့်လျှင်လည်း အရပ်သားပြည်သူသေဆုံးမှုရာခိုင်နှုန်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
တဆက်တည်းတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းများ၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နိုင်ငံ တဝှမ်း (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်ပေါင်း (၄၆၄) ခုအထိရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ တွေ့ရှိလာရပါသည်။ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ (၄၈၅၈) ဦးအထိ သေဆုံးခဲ့ရပါသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားအနီး အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သား ပြည်သူ ၄၉ ဦး သေဆုံးခဲ့ရပြီး (၅၈) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါထိခိုက်သေဆုံးမှုများအတွင်း အမျိုးသမီး၊ ကလေးသူငယ်အပါအဝင် စျေးဝယ်သူ၊ စျေးသည်နှင့် ခရီးသွားလာသူများပါဝင်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါသည်။ ၃
ချင်းပြည်နယ် ပလက်ဝမြို့နယ် ချောင်းဆုံ (ပီ ချောင်းဆုံ) ရွာအနီးတဝှိက်ကိုလည်း ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ အမျိုးသားလေးဦး စုစုပေါင်း ဒေသခံအရပ်သားပြည်သူ (၇) ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာသည် ချင်းပြည်နယ် ပလက်ဝ၊ မတူပီနှင့် မင်းတပ်စသည့် မြို့နယ် (၃) ခုအစပ်တွင်ရှိပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဖျားတွင် တည်ရှိကာ ကုန်သွယ်ရေးအရ အချက်အချာကျသည့်နေရာဖြစ်ကြောင်း သိရသည်။ ၄
မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတော၊ သစ်ကောက်ဆိပ် စသည့်ကျေးရွာအချို့ကိုလည်း ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်၊ မွန်းလွဲပိုင်းအချိန်တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် ဒရုန်းများအသုံးပြုကာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ရပါသည်။ ၅

အထက်တွင်တင်ပြခဲ့သည့် အချက်အလက်များနှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များကို သက်သေပြနေပြီး အချက်အလက်များ ဆက်လက်မြှင့်တက်နေဆဲဖြစ်သလို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကိုလည်း ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်ပါသည်။
သုံးသပ်တင်ပြချက်
မြန်မာပြည်သူလူထု၏ အသံများကို ကိုယ်စားပြုကာ ကုလသမဂ္ဂစင်မြင့်ထက်တွင် စဉ်ဆက်မပြတ် တောင်းဆိုတိုက်တွန်းလျက်ရှိသော သံအမတ်ကြီး ဦးကျော်မိုးထွန်း သယ်ဆောင်သွားခဲ့သည့် ပုဝါဖြူလေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ခဲ့သော စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်ကြောင်း သက်သေပြနေပါသည်။ အထူးသဖြင့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော လက်နက်မဲ့ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ခိုင်မာစွာ သက်သေပြနေသည်ဟု ဆိုရပါမည်။
စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများ၏ နာမည်နှင့် အသက်များကို ရေးထိုးထားခဲ့သည့် ကုလသမဂ္ဂစင်မြင့်ထက်က ပုဝါဖြူလေး၏ အသံနှင့် တောင်းဆိုမှုများသည် အဆိုပါဆွေးနွေးပွဲအတွင်းရှိ နိုင်ငံတကာအစိုးရများမှ ကိုယ်စားလှယ်များ၏ ရင်ဘက်ထဲသို့ စိမ့်ဝင်စီးဆင်းသွားခဲ့ပြီဖြစ်သည်။
သို့သော် မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်မှ အမြဲတမ်းရပ်တည်ချေပပေးလေ့ရှိသော တရုတ်နှင့် ရုရှားကိုယ်စားလှယ်များအတွက်တော့ ခါးသီးသောအမှန်တရားများဖြစ်စေခဲ့ပြီး စစ်အာဏာသိမ်းမှု၏ အကျိုး စက်ဖြစ်သည်ဟု လက်မခံနိုင်ဘဲ ဖြစ်နေကြသည်ကို တွေ့ရသည်။ စစ်မက်ဖြစ်ပွားခြင်းမရှိသော အရပ်ဒေသများတွင်ပင် လက်နက်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားနေသည့် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကိုပင် မျက်ကွယ်ပြုကာ စစ်အုပ်စုဘက်မှ ကာကွယ်ပေးနေနိုင်သော ၎င်းတို့၏ လူသားဆန်မှုသည် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
သံအမတ်ကြီးဦးကျော်မိုးထွန်းကတော့ “Theatre 21” ပုဝါဖြူလေးပေါ်မှ နာမည်များ၊ အသက်များနှင့်ပတ်သက်ပြီး ယခုလို ပြောဆိုခဲ့ပါသည်။
“သူတို့ရဲ့အနာဂတ်တခုလုံးဟာ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့အတူ လူမဆန်ဆုံးနည်းတွေနဲ့ အဆုံးသတ်ခဲ့ရတာပါ။ ဒီပုဝါလေးပေါ်မှာ နောက်ထပ်နာမည်တွေ ထပ်တိုးဖတ်ရတာမျိုး ကျနော် မလိုချင်တော့ပါဘူး။ ကျနော်တို့အနေနဲ့ နောက်ထပ်သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေ အဆုံးရှုံးမခံနိုင်တော့ပါဘူး”

၁။ စစ်အာဏာသိမ်းပြီးနောက် အခြေအနေများ၏ နေစဉ်ထုတ်ပြန်ချက်အကျဉ်းချုပ်၊ အေအေပီပီ၊ ၂၈ အောက်တိုဘာ ၂၀၂၆
၂။ Conflict Fatalities Tracker ၊ BNI-Myanmar Peace Monitor ၊ ၂၁ အောက်တိုဘာ ၂၀၂၆
၃။ ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦးသေဆုံး၊ ၅၈ ဦးဒဏ်ရာရဟု ULA ထုတ်ပြန်၊ DMG၊ ၂၉ စက်တင်ဘာ ၂၀၂၆
၄။ ပလက်ဝမြို့နယ် ချောင်းဆုံကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၂၀ နီးပါး သေဆုံးဒဏ်ရာရ၊ DVB ၊ ၁၉ အောက်တိုဘာ ၂၀၂၆
၅။ ရေစကြိုနယ်က ကျေးရွာအချို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ ဦးထိ ရှိလာ၊ လူထုနွေဦး၊ ၁၈ အောက်တိုဘာ ၂၀၂၆