မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

By MPM 26 အောက်တိုဘာ, 2026 👁 715

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ ဇူလိုင် ၁၉၅၈

ရုံးချုပ် – ရေးချောင်းဖျား၊ မွန်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – မွန်ပြည်နယ် သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူတောင်ကြား၊ တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်၊ ရေဖြူနှင့် ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး

ဥက္ကဌ – နိုင်ဟံသာ

ဒုဥက္ကဌ – နိုင်အောင်မင်း

နိုင်ငံရေးအရ ပူပေါင်းအဖွဲ့ – 7 EAO Alliance အဖွဲ့ဝင်

Facebook – https://www.facebook.com/newmonstateparty

၂၀၂၅ ခုနှစ် သြဂုတ်လ ၈ ရက်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဂျပန်ရေတွင်းရွာတွင် ကျင်းပသော (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် မွန်တော်လှန်ရေး အောင်ပွဲရရန်အတွက် လက်နက်ကိုင်တော်လှန်နေကြသည့် တော်လှန်ရေးသများသာ အဓိကကျသည်မဟုတ်ဘဲ မွန်လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်မှ အောင်မြင်မည်ဖြစ်သလို ယခုကဲ့သော တော်လှန်ရေးအရှိန်ကောင်းရနေသောအချိန်တွင် အားစိုက်လုပ်ဆောင်သင့်ကြောင်း ပါတီဥက္ကဌ နိုင်ဟံသာက တိုက်တွန်းခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နှင့် ၁၈ ရက်နေ့များတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထားသည့် ငြိမ်းချမ်းရေးအိမ်ရာများ ဗုံးကြဲခံခဲ့ရပြီး အဆောက်အဦ (၅) လုံးထက်မနည်း ပျက်စီးသွားခဲ့ပါသည်။ မေလ ၂၇ ရက်နေ့ကလည်း ပါတီရုံးစိုက်ရာ ရေချောင်းဖျားဒေသကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်၏ အင်အား (၁၀၀၀) ဝန်းကျင်ရှိသော စစ်ကြောင်း (၃) ကြောင်းကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအား ဖြတ်သန်းခွင့်ပြုဖို့ အာဏာသိမ်းစစ်တပ်ဘက်မှ တောင်းဆိုညှိနှိုင်းမှုအား ပါတီဘက်မှ လက်မခံခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်၊ နေပြည်တော်ရှိ အာဏာသိမ်းစစ်အုပ်စု၏ NSPNC နှင့် မွန်ပြည်သစ်ပါတီအကြား တွေ့ဆုံဆွေးနွေးမှုတွင်တော့ ဒေသတွင်းတည်ငြိမ်းရေးအတွက် ပူးပေါင်းပါဝင်ပေးရန် NSPNC ဥက္ကဌက တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။

NMSP သည် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် NCA လမ်းကြောင်းကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သော်လည်း အာဏာသိမ်းစစ်အုပ်စုဘက်တွင် လုံးဝရပ်တည်သွားသည့်အဖွဲ့အစည်းဟုလည်း ကောက်ချက်ချရန် ခက်ပါသည်။ သို့သော် ယင်းသို့ NCA လမ်းကြောင်းကို စွဲကိုင်ထားခြင်းကြောင့်ပင် ပါတီအထွေထွေအတွင်းရေးမှူးဖြစ်သူ နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက် တူညီသူများသည် ပါတီမှခွဲထွက်ကာ  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (New Mon State Party-AD) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဒုတိယဗိုလ်မှူးကြီးနိုင်ဗွတ်မွန် ဦးဆောင်နေသော NMSP ၏ တပ်ရင်း (၅) သည် ပါတီမှခွဲထွက်ကာ NMSP-AD နှင့် ပူးပေါင်းသွားခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်းကာလအတွင်း ဖြစ်ထွန်းပေါက်ဖွားလာသည့် မွန်တော်လှန်ရေးအင်အားစုများအကြား ဒေသတွင်း ပေါင်းစည်းညီညွတ်ရေးအရှိန်မြှင့်လုပ်ဆောင်နေကြသလို နယ်မြေဒေသအလိုက် စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများလည်း အားကောင်းလာခဲ့ကာ အနာဂတ် မွန်ပြည်တည်ဆောက်ရေးအတွက် ဘုံသဘောထားများရရှိရေး ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ အထူးသဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားရေးချဉ်းကပ်မှု (Button-up Federalism Approach) အခြေခံမူကို စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော မွန်တော်လှန်ရေးအင်အားစုများက လက်ခံထားကြသလို တော်လှန်အင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် (၆) ရပ်ကိုလည်း သဘောတူထားကြသည်ဟု ဆိုရပါမည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီ စွဲကိုင်ထားသော NCA လုပ်ငန်းစဉ်နှင့် မွန်ဒေသအတွင်း အသစ်ဖြစ်ထွန်းလာနိုင်သော မွန်ပြည်တည်ဆောက်ရေး ခြေလှမ်းများအကြား ထိပ်တိုက်တွေ့ဆုံနိုင်မည့်အနေအထားမျိုး ဖြစ်လာနိုင်ချေကို မွန်ပြည်သစ်ပါတီအနေဖြင့် သတိပြုချဉ်းကပ်ရမည်ဖြစ်သည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆