|
|
|
KA စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ သြဂုတ် ၁၉၄၈ KNPP ဖွဲ့စည်းသည့် နေ့စွဲ – ၂ မေ ၁၉၅၇ ရုံးချုပ် – ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ် လှုပ်ရှားရာနယ်မြေ – လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘောလခဲ မြို့နယ်များ၊ ကရင်နီ (ကယား) ပြည်နယ် ဥက္ကဌ – ခူဦးရယ် ဒုဥက္ကဌ – ခွန်းအေဘယ်တွဒ် အထွေထွေအတွင်းရေးမှူး – ခူပလူးရယ် KA စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ်အောင်မြတ် Facebook – https://www.facebook.com/KNPPHQ KNPP/KA သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) များ အစုအဖွဲ့တွင် ပူးပေါင်းပါဝင်သကဲ့သို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တွင်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။ ထို့အပြင် KSCC ၏ ကြားကာလအစီအမံဖြင့် စုဖွဲ့ထားသော ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တွင်လည်း KNPP ဥက္ကဌ ခူဦးရယ်က ဥက္ကဌအဖြစ် တာဝန်ယူထားပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး၏ စစ်ရေးကဏ္ဍဟုဆိုရမည့် “ဗဟို ကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) တွင်လည်း KNPP/KA က ပူးပေါင်းပါဝင်လျက်ရှိသည်။ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများပါဝင်သော တောင်ပိုင်းစစ်ဒေသအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ NUG နှင့်အတူ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့ကိုဖွဲ့စည်းပြီး နိုင်ငံရေး၊ စစ်ရေးအရ ဦးဆောင်မှုပေးနေသည်ဟု ဆိုရပါမည်။ ထို့အပြင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ကိုလည်း NUG ၊ KIO/KIA ၊ KNU/KNLA ၊ CNF/CNA တို့နှင့်အတူ KNPP/KA လည်း ပူးပေါင်းပါဝင်နေသကဲ့သို့ ကရင်နီဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲနေကြသည့် လက်နက်ကိုင်အင်အားစုများ ပေါင်းစည်းနိုင်ရေးအတွက် စည်းရုံးခြင်း၊ ဦးဆောင်လှုပ်ရှားခြင်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါအဝင် ကရင်နီဒေသတွင်းရှိ စစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုများကို စုဖွဲ့ထားသည့် ကရင်နီလူမျိုးပေါင်းစုံတော်လှန်ရေးအင်အားစုများ (KRF) သည် အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရ အပြင်းထန်ဆုံးစုဖွဲ့မှုဟုဆိုနိုင်ပြီး စစ်အုပ်စု၏ စစ်စခန်းပေါင်းများစွာနှင့် မြို့ (၅) မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ နွေဦးတော်လှန်ရေးကာလအတွင်း KNPP/KA ၏ ဦးတည်ချက်နှင့် ခြေလှမ်းများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
By MPM
19 စက်တင်ဘာ, 2025
👁
