
နိဒါန်း
သပိတ်ကျင်းမြို့၊ နောင်ချိုမြို့အပါအဝင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၁၀၁) မြို့အနက် (၇) မြို့ကို အာဏာသိမ်းစစ်အုပ်စုက ပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားနိုင်ခဲ့ပြီဖြစ်သည်။ ကောလင်းမြို့ဖြစ်စဉ်မှသည် တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုကြောင့် လက်လွှတ်ပေးလိုက်ရသည့် လားရှိုးမြို့ဖြစ်စဉ်အဆုံး အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများကို လေ့လာကြည့်ပါက သတင်းအမှားဖြန့်ကာ တော်လှန်ရေးအင်အားစုများအတွင်း သပ်လျှိုသွေးခွဲခြင်း၊ တရုတ်အစိုးရကို အသုံးချခြင်း၊ ကြည်း ရေ လေ အင်အားအစုံဖြင့် မီးကုန်ယမ်းကုန်ထိုးစစ်ဆင်ခြင်း စသည့် အကြောင်းအချက်များစွာကို တွေ့ရှိရပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor နှစ်ပတ်တစ်ကြိမ်သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုဖြစ်စဉ်များအတွင်း တွေ့ရှိရသည့် တော်လှန်ရေးအင်အားစုများအတွက် သတိပြုစရာများ၊ သင်ခန်းစာယူစရာများကို အချက်အလက်၊ အဖြစ်အပျက်များကို ချဉ်းကပ်ကာ လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
စစ်ကောင်စီ ပြန်ထိန်းချုပ်သွားသည့် မြို့ (၇) မြို့
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်ကတည်းက တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရသည့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။ အလားတူ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်ကတည်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကိုလည်း ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် စစ်ကောင်စီက ကြေညာခဲ့ပါသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကတည်းက ကရင်နီဒေသတွင်းတော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ တစ်လတည်းတွင်ပင် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ခဲ့ရသည့် မြို့ (၃) မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ စစ်ရေးအရ အောင်မြင်မှုများကို ဝင့်ဝင့်ကြွားကြွား ဝါဒဖြန့်လျက်ရှိသည်။
စစ်အာဏာသိမ်းမှု၏ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၎င်းတို့အနေဖြင့် အကြောင်းကြောင်းကြောင့်သာ နောင်ချိုမြို့ကို ခေတ္တစွန့်ခွာခဲ့ရခြင်းသာဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် ဒီဇင် ဘာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသရှိ လားရှိုးမြို့ကို တရုတ်အစိုးရ၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ပြန်လည်ထိန်းချုပ်ခွင့်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့အတွင်း ဝင်ရောက်နေရာယူခွင့် ရခဲ့ပါသည်။

တော်လှန်ရေးအင်အားစုများထံမှ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားခဲ့သည့် မြို့ (၇) မြို့ကို လေ့လာကြည့်ပါက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် မဟာမိတ်ပူးပေါင်းသိမ်းပိုက်ခဲ့သည့် မြဝတီ မြို့သိမ်းဖြစ်စဉ်သည် အချိန်ကာလအားဖြင့် ရက်သတ္တပတ် (၂) ခုသာ လက်လွှတ်ခဲ့ရသော်လည်း ကရင်နီ (ကယား) နှင့် ရှမ်းတောင်ပိုင်းနယ်စပ်မြို့ဖြစ်သည့် မိုးဗြဲမြို့ကိုမူ လပေါင်း (၂၀) ကျော် ကြာမြင့်စွာ လက်လွှတ်ခဲ့ရ သည်ကို တွေ့ရှိရပါသည်။
စစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများ
နှစ်ပတ်အတွင်း စစ်ကောင်စီ ပြန်လည်ခြေကုတ်ယူနိုင်ခဲ့သည့် မြဝတီမြို့ဖြစ်စဉ်ကိုကြည့်လျှင် ကရင်ဒေသအတွင်းရှိ ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ၏ အကူအညီကို စစ်ကောင်စီအနေဖြင့် ရရှိခဲ့ပါသည်။ ထို့အပြင် မြဝတီမြို့အား လက်မလွှတ်ရရေးအတွက် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများ ချီတက်နိုင်ရေးအတွက် အခြားသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်ဘိဦးစီးသော တပ်ဖွဲ့ဝင်များ၏ လမ်းပြခေါ်ဆောင်မှုကို စစ်ကောင်စီအနေဖြင့် ရရှိခဲ့သည်ဟု ဆိုပါသည်။ အခြားတဖက်တွင်တော့ စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များအကြား အပြန်အလှန်နားလည်မှု၊ သဘောတူညီမှုရရှိထားသည်ဆိုသော သတင်းအမှားဝါဒဖြန့်မှုများကိုလည်း တွေ့ရှိခဲ့ရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နှင့် မိုးဗြဲမြို့များ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ၏ လှုပ်ရှားမှုများကိုကြည့်လျှင်လည်း အဆိုပါဒေသအတွင်းရှိ ၎င်းတို့၏ လက်အောက်ခံဖြစ်သော ဦးအောင်ခမ်းထီးဦးဆောင်သည့် ပအို့ဝ်ပြည်သူ့စစ်အဖွဲ့၏ အကူအညီများကိုရယူကာ ဒေသတွင်းတော်လှန်အင်အားစုများ၏ စစ်ရေးအရ ဖိအားပေးမှုများကို စစ်ကောင်စီအနေဖြင့် တုံ့ပြန်ခဲ့ပါသည်။ ရှမ်း၊ ပအို့ဝ်နှင့် ကရင်နီ၊ ကယန်း စသော လူမျိုးစုံသည့် အဆိုပါဒေသအတွင်း လူမျိုးရေးပဋိပက္ခကို ဦးတည်စေသော ဝါဒဖြန့်သတင်းများကိုလည်း စစ်အုပ်စုနှင့် အပေါင်းအပါများက ရည်ရွယ်ချက်ရှိရှိ ထုတ်ဖြန့်ခဲ့ကြပါသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကာ လက်လွှတ်ဆုံးရှုံးထားသည့် မြို့များပြန်လည်ရရှိရေးအတွက် စစ်ကောင်စီအနေဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။
PNO-PNA တပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ် မေလကတည်းက ကရင်နီဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်မ ၅၅ နှင့်အတူ ဝင်ရောက်လာကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားများရှိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါသည်။
လပေါင်း (၁၃) လကြာ လက်လွှတ်ထားရသည့် နောင်ချိုမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုတွင်တော့ TNLA နှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား သွေးကွဲစေမည့် သတင်းများကို ကနဦး သတိပြုမိပါသည်။ လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်တိုက်ပွဲများ ပြင်းထန်နေသည့် နောင်ချိုမြို့နယ်အတွင်းရှိ TNLA နှင့်အတူ မဟာမိတ်ဖွဲ့လှုပ်ရှားလျက်ရှိသော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-LDF) များအား TNLA က ဆုတ်ခွာခိုင်းသည့် သတင်းများသည် သတင်းဌာနအများအပြားတွင် တွေ့ရှိခဲ့ရပါသည်။
ဆိုရသော် အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများကို လေ့လာကြည့်ပါက တော်လှန်ရေးအင်အားစုများအကြား သပ်လျိုသွေးခွဲနိုင်ရေး ဝါဒဖြန့်သတင်းများထုတ်ဖြန့်ခြင်း၊ ဒေသအလိုက် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၊ ပျူစောထီးအဖွဲ့နှင့် နယ်ခြားစောင့်တပ်များကို အသုံးချခြင်း စသည်တို့ကို အဓိက အကြောင်းအချက်များအဖြစ် တွေ့ရှိရပါသည်။ ထူးခြားမှုအဖြစ် မြို့များ၊ ရွာများနှင့် စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များအတွင်း စစ်မှုထမ်းဥပဒေအား ပြဌာန်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းကလည်း အာဏာသိမ်းစစ်အုပ်စုအတွက် မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုများအတွက် များစွာ အထောက်အကူပြုခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွှတ်ဆုံးရှုံးရသည့် မြို့များ ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း BNI-Myanmar Peace Monitor က တွေ့ရှိထားပါသည်။ တော်လှန်ရေးအင်အားစုများထံ လက်မလွှတ်ရသေးခင်က အဆိုပါမြို့ (၇) မြို့အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၇၉) ခုသာ တွေ့ရှိခဲ့ရသော်လည်း တော်လှန်ရေးအင်အားစုများထံ မြို့များလက်လွှတ်ဆုံးရှုံးပြီးနောက်ပိုင်းတွင်တော့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂၀၉) ခုအထိ တွေ့ရှိခဲ့ရပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်လွှတ်ဆုံးရှုံးထားရသည့် မြို့များ၊ ရွာများ ပျက်စီးရမည့်အရေးကို ထည့်တွက်ခြင်းမရှိဘဲ “မစားရသည့် အမဲ၊ သဲနှင့် ပက်” သကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို အလွန်အကျွံအသုံးခဲ့ရသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဖော်ပြပါမြို့ (၇) မြို့အား လက်မလွှတ်ရသေးခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိကာလနှင့် တော်လှန်ရေးအင်အားစုများထံ မြို့များလက်လွှတ်ဆုံးရှုံး ထားရသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိကာလအတွင်း စစ်ကောင်စီတပ်၏ လေ ကြောင်းတိုက်ခိုက်မှုများကို နှိုင်းယှဉ်ကြည့်ပါက နောင်ချိုမြို့သည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်း ချုပ်ထားစဉ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအခံရဆုံးမြို့အဖြစ် တွေ့ရှိရပါသည်။ လားရှိုး မြို့သည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားစဉ်အတွင်း ဒုတိယမြောက် လေကြောင်းတိုက် ခိုက်မှုအခံရဆုံးမြို့ဖြစ်ပြီး သပိတ်ကျင်းမြို့သည် တတိယမြောက် လေကြောင်းတိုက်ခိုက်မှုအခံရဆုံး ဖြစ်ခဲ့ပါသည်။
သုံးသပ်တင်ပြချက်
လပေါင်း ၁၁ လကြာ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် သပိတ်ကျင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်သွားခြင်းနှင့်ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပေါ် စောင့်ကြည့်သူများက အပြစ်တင်ဝေဖန်ကြသည်။ တဆက်တွင်း သပိတ်ကျင်းမြို့နယ်နှင့် ဆက်စပ်ဒေသများအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (ERO) များနှင့် NUG လက်အောက်ခံမဟုတ်သော ဒေသတွင်းတော်လှန်ရေးအင်အားစုများအပေါ်လည်း မေးခွန်းထုတ်နေကြပါသည်။ ထိုကဲ့သို့ ပြစ်တင်ဝေဖန်မှု၊ မေးခွန်းထုတ်မှုမျိုးကို ကောလင်းမြို့အား စစ်ကောင်စီထံ လက်လွှတ်လိုက်ရချိန်ကလည်း ရှိခဲ့ဖူးပါသည်။
သတိပြုရမည်မှာ အာဏာသိမ်းစစ်အုပ်စုသည် လက်ရှိအချိန်ထိ မြို့ပေါင်း (၉၄) မြို့ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရဆဲဖြစ်ပြီး ထိုအတွက်လည်း ဒေသအလိုက် တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြား သပ်လျှိုသွေးခွဲခြင်း၊ လူမျိုးရေးပဋိပက္ခကို ဦးတည်စေသော သတင်းအမှားများ ထုတ်ဖြန့်ခြင်း၊ အဓမ္မနည်းဖြင့် စုဆောင်းရရှိထားသည့် စစ်မှုထမ်းများအား စစ်ရေး၊ စစ်နယ်များအတွင်း လူသားဒိုင်းသဖွယ် အသုံးပြုကာ လူလှိုင်းလုံးကြီးများဖြင့် စစ်ကြောင်းထိုးချီတက်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် အသုံးပြုခြင်းများကို ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း မဖြစ်မနေကျင်းပနိုင်ရေးပြင်ဆင်နေသည့် အထွေထွေရွေးကောက်ပွဲအတွက် လက်လွှတ် ထားရသည့် မြို့များ ပြန်လည်ထိန်းချုပ်နိုင်ရေးသည် စစ်ကောင်စီအတွက် အလွန်ကြီးမားသော ရည်မှန်းချက်တစ်ရပ် ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့်ပင် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးထားသည့် မြို့များ ပြန်ရရေးအတွက် အပြင်းအထန်ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအား နှောက်ယှက်ဟန့်တားကြမည့် တော်လှန်ရေးအင်အားစုများအား ဦးတည်ကာ သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲ ကာကွယ်စောင့်ရှောက်ရေးဥပဒေကိုပင် ထုတ်ပြန်ထားသည်မဟုတ်ပါလား။
ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ဟန့်တားနိုင်ရေးသည် မြို့များ၊ ရွာများ၊ စစ်စခန်းများအား သိမ်းပိုက်ထိန်းချုပ်ထားကြသည့် တော်လှန်ရေးအင်အားစုအသီးသီးအတွက် အရေးပေါ်အဖြေရှာကြရမည့် အခြေအနေဖြစ်လာကြောင်း တင်ပြအပ်ပါသည်။
1. မြဝတီပုစ္ဆာ ၊ Bi-Weekly News Review ၊ Issue – 143 ၊ BNI-MPM
2. ပအိုဝ်းပြည်သူ့စစ်ကို တိုက်ရတဲ့အကြောင်း မာဝီထုတ်ပြော (ရုပ်/သံ)၊ ဧရာဝတီ၊ ၂၃ ဇူလိုင် ၂၀၂၅
3.PDF များကို နောင်ချိုမှ တပ်ဆုတ်ခိုင်းခြင်းမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဟု TNLA ပြော၊ မဇ္စျိမ၊ ၁၁ ဇွန် ၂၀၂၅
4. Military Junta’s Airstrikes in Myanmar, BNI-MPM’s Ongoing Dashboard, 1 Feb 2021 – 15 July 2025