မြိုင်ရေနံမြေက အငြိုးအတေးခံ မြေဇာပင်များနှင့် အညာဒေသ၏ အရေးပါသော စစ်ရေးခတ်ကွင်း

By MPM 21 ဩဂုတ်, 2026 👁 69

မြန်မာနိုင်ငံ၏ ကုန်းတွင်းရေနံမြေများအနက် အရေးပါသော စွမ်းအင်ထုတ်လုပ်ရာ မြိုင်ရေနံမြေအတွင်းရှိ ‌ကျေးရွာများအတွင်း အာဏာသိမ်းစစ်တပ်၏ မြေပြင်၊ ဝေဟင် လှုပ်ရှားနေသည့် အကြီးစားစစ်ဆင်ရေးတစ်ရပ်ကို အရှိန်မြှင့်လုပ်ဆောင်နေပါသည်။ ၎င်းစစ်ဆင်ရေးအတွင်း အရပ်သားပြည်သူများ (၅၀) ကျော် ထိခိုက်သေဆုံးခဲ့ရပြီး ဒေသခံပြည်သူများ၏ နေအိမ်ပေါင်း (၃၇၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မြိုင်မြို့သည် မြို့ပေါ်ရပ်ကွက် (၃) ခုသာရှိပြီး မြို့ကြီးတစ်ခုဟု မဆိုသာသော်လည်း လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဒေသများဆက်စပ်မှု စသော ပထဝီဝင်အနေအထားကြောင့် စစ်ရေးအရ အလွန်အရေးပါသည့် ဒေသတခုဖြစ်သည်။ သေးငယ်သော မြိုင်မြို့ပေါ်အုပ်ချုပ်ရေးကိုသာ ထိန်းချုပ်ထားနိုင်သော အာဏာသိမ်းစစ်တပ်အနေဖြင့် မြို့ပြင်ဝန်းကျင်ရှိ ကျေးရွာများအတွင်း ထိန်းချုပ်နိုင်ရေးလှုပ်ရှားရာအတွက် ဒေသတွင်း တော်လှန်ရေးအင်အားများနှင့် အားပြိုင်မှုပြင်းထန်လျက်ရှိရာ ဒေသခံအရပ်သားပြည်သူများသည် ၎င်းတို့၏ အငြိုးအတေးခံ ပစ်မှတ်များ၊ မြေဇာပင်များ ဖြစ်လာခဲ့ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် မြိုင်မြို့နယ်တဝှိက်က ဒေသခံပြည်သူများ၏ အခြေအနေများ၊ အာဏာသိမ်းစစ်တပ်၏ မြေပြင်၊ ဝေဟင်ထိုးစစ်ဆင်လှုပ်ရှားမှုများနှင့် မြိုင်ရေနံမြေ၏ စစ်ရေးအရ အရေးပါမှုအခြေအနေများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

မြိုင်ရေနံမြေက အငြိုးအတေးခံ မြေဇာပင်များ

၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်မှ သြဂုတ်လ ၈ ရက်အထိ ရက်ပေါင်း (၄၇) ရက်တာအတွင်း ပြုလုပ်ခဲ့ သည့် အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းလှုပ်ရှားမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများအတွင်းမှ ဒေသခံအရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရရှိကာ ဒေသခံများ၏ နေအိမ်ပေါင်း (၃၇၀) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အညာလေ့လာရေးဗဟိုဌာနက ထုတ်ပြန်ပါသည်။

သေဆုံးသူများ၏ မိသားစုဝင်များ၊ မျက်မြင်သက်သေဒေသခံများ၊ အာဏာသိမ်းစစ်တပ် စစ်ကြောင်း၏ လှုပ်ရှားမှုများနှင့် ရင်းနှီးသော ဒေသခံများနှင့် တွေ့ဆုံမေးမြန်းချက်များအရ အာဏာသိမ်းစစ်တပ်၏ ခြေလျင်တပ်မ (၁၀၁) နှင့် ခြေလျင်တပ်မ (၉၉) မြေပြင်စစ်ကြောင်းများသည် နေအိမ်၊ အဆောက်အအုံနှင့် ပစ္စည်းများကို ရွေးချယ်ဖျက်ဆီးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျောက်ရှိ နေအိမ်တိုင်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဆိုပါသည်။ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၃၃) ဦး၏ မှတ်တမ်းအရ သေဆုံးသူအချို့သည် သတ်ဖြတ်မခံရမီ ဖမ်းဆီးခံထားရသူများဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုများနှင့် ပြင်းထန်သော ကိုယ်ထိလက်ရောက်အကြမ်းဖမ်းများကို ခံခဲ့ရကြောင်း အညာလေ့လာရေးဗဟိုဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန်လ ၂၄ ရက်မှစတင်သော စစ်အုပ်စု၏ မြေပြင်စစ်ကြောင်းသည် မြိုင်မြို့နယ်တဝှမ်းရှိ ကျေးရွာများနှင့် ပေါက်မြို့နယ်အစပ်မှ ကျေးရွာများအထိ ကျေးရွာပေါင်း (၂၇) ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အမြောက်ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကိုပါ တပြိုင်နက်လုပ်ဆောင်ခဲ့ခြင်းကို ထောက်ရှုကြည့်ပါက အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာများကို ကျော်လွန်ကာ မြေပြင်ဝေဟင်ချိတ်ဆက်ထားသည့် စစ်ဆင်ရေးကြီးတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

အာဏာသိမ်းစစ်တပ်၏ မြေပြင်ဝေဟင်လှုပ်ရှားမှုများ

အညာမြေ အရပ်ဖက်အဖွဲ့အစည်းများ – မြိုင်၏ ထုတ်ပြန်ချက်များအရတော့ အာဏာသိမ်းစစ်တပ်၏ ပခုက္ကူအခြေစိုက် ခြေလျင်တပ်မ (၁၀၁) စစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကတည်းက ကမ္မမြို့မှတဆင့် ရေနံမြေဒေသများဖြစ်သည့် မြိုင်နယ်နှင့် ပေါက်နယ်တို့အတွင်း စစ်ကြောင်းထိုးရန်လှုပ်ရှားနေသည်ဟု ဆိုရပါမည်။ ထိုအချိန်မှစ၍ အာဏာသိမ်းစစ်တပ်၏ လေကြောင်းအန္တရယ်သတိပေးချက်များနှင့် မြေပြင်စစ်ကြောင်းလှုပ်ရှားမှုများ နေ့စဉ်အချိန်နှင့်အမျှ စောင့်ကြည့်သတိပေးခဲ့သည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ည‌နေ ၄ နာရီဝန်းကျင်အချိန်၊ မြိုင်မြို့နယ် မြောက်ပိုင်းရှိ ညောင်ကုန်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀ နာ ရီ ၂၀ မိနစ်ခန့်အချိန် မြိုင်မြို့နယ်အနောက်ပိုင်း ဝယ်တောင်ရွာရှိ ဆေးပေးခန်း ဂျိုင်ရိုကော်ပတာ (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု၊ ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းအချိန် မြိုင်မြို့နယ် သင်းမကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်ခံရမှု စသည့်ဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိခဲ့ရပြီး တပ်မ (၁၀၁) မြေပြင်စစ်ကြောင်းသည်လည်း ဇွန်လ ဒုတိယအပတ်မှစတင်ပြီး မြိုင်မြို့နယ်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းသည် ပခုက္ကူမြို့နယ် ကမ္မမြို့ဘက်မှတဆင့် စစ်ကြောင်း (၃) ခုခွဲဖြန့်ကာ ဇွန်လ ၁၅ ရက် နံနက်အစောပိုင်းတွင် မြိုင်မြို့နယ်မြောက်ပိုင်း တွင်းမရွာဘက်သို့ ရွေ့လျားလာခဲ့သည်။ ထိုမှတဆင့် မြဇီးတောရွာနှင့် နှင်းဆီကန်ရွာတို့တွင် ဝင်ရောက်တပ်စွဲကာ တပ်ဖြန့်လှုပ်ရှားခဲ့သည်။ ဇွန်လ ၁၆ ရက်တွင်တော့ အနီးအနားရှိ သာစည်ကျေးရွာမှ တောထဲတွင် ယာယီတဲထိုးနေထိုင်သော အသက် (၆၀) အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးအား ဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်လျက် သတ်ဖြတ်ခဲ့သည်ကို တွေ့ရသည်။

မြိုင်မြို့နယ်တောင်ပိုင်းမှ ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းသည်လည်း မိတ္ထီလာရွာဘက်မှတစ်ကြောင်း၊ သရက်ကန်ရွာဘက်မှတစ်‌ကြောင်း၊ နှင်းဆီကန်ရွာဘက်မှတစ်ကြောင်း ရွေ့လျားကာ ကိုင်းတောမရွာတွင် အထိုင်ချပြီး ရွာ၏ အရှေ့ဘက်၊ အနောက်ဘက်ရှိ ကျေးရွာများကို ဖြန့်ကျက်ဝင်ရောက်စီးနင်းနေခဲ့ပါသည်။

တဆက်တည်းတွင် ပေါက်မြို့နယ် ထောက်ရှာပင်ရွာအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည်လည်း မြိုင်မြို့နယ် ကိုင်းတောမရွာသို့ ဆက်လက်ချီတက်လာရာ လမ်းတလျှောက်ကျေးရွာများဖြစ်သော နတ်ကန်ရွာနှင့် လက်ခုပ်ပင်ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦးထက်မနည်းကို သတ်ဖြတ်အလောင်းဖျောက်ခဲ့ သည်။ ထို့အပြင် အနီးအနားရှိ ကျေးရွာများဖြစ်သော ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်ငယ်တောကျေးရွာများမှ အရပ်သားပြည်သူများ၏ နေအိမ်များကိုလည်း အဆိုပါစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြို့ပေါ်ရပ်ကွက် (၃)ခု၊ ကျေးရွာပေါင်း ၃၃၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းများ၏ လှုပ်ရှားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ် ဆောင်နေသည့် ကျေးရွာပေါင်း (၂၀) ကျော်ကို လေ့လာကြည့်ပါက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်များရှိရာ နယ်မြေများအား ထိန်းချုပ်နိုင်ရေးကို ဦးတည်နေသည်ဟု ကောက်ချက်ချနိုင်ပြီး ထိုအတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များက ပစ်မှတ်ထားခံနေရခြင်းဖြစ်သည်။ တဆက်တည်းတွင် ၎င်းတို့၏ မြေပြင်စစ်ကြောင်းများ၏ စီးနင်းလှုပ်ရှားမှုများအား လေကြောင်းတိုက်ခိုက်မှုများမှတဆင့် အကာအကွယ်ရယူနေခြင်းသည်လည်း အရပ်သားပြည်သူများအား စစ်ရေးပစ်မှတ်ကဲ့သို့ ပြုမူနေခြင်းကို ထင်ရှားစေပါသည်။

ရေနံမြေဒေသအတွင်း တော်လှန်ရေးအင်အားစုများ၏ အခြေအနေ

မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်များရှိရာ ကျေးလက်ဒေသများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်ကတည်းက ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ပါ သည်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် လမ်းပန်းဆက်သွယ်ရေးအရ ထိစပ်ချိတ်ဆက်နေသော အဆိုပါ ရေနံမှော်များရှိရာ ကျေးလက်ဒေသများသည် ‌တော်လှန်ရေးအတွက် ကြီးမားသည့် ကူထောက်ရာ ဘဏ္ဍာတိုက်ကြီးဖြစ်သကဲ့သို့ စစ်ရေးအရလည်း အလွန်ရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေပါသည်။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏ မြေပြင်စစ်ကြောင်းများအား ခုခံနိုင်ရန်အတွက် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပခုက္ကူခရိုင် စစ်ကြောင်း (၁)၊ မင်းဘူးခရိုင် စစ်ကြောင်း (၂)၊ ပခုက္ကူခရိုင် စစ်ကြောင်း (၃)၊ မင်းဘူးခရိုင် စစ်ကြောင်း (၄) တို့ကို ဒေသတွင်း ကာကွယ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

“စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် လမ်းပန်းဆက်သွယ်ရေးအရ ထိစပ်ချိတ်ဆက်နေသော အဆိုပါ ရေနံမှော်များရှိရာ ကျေးလက်ဒေသများသည် ‌တော်လှန်ရေးအတွက် ကြီးမားသည့် ကူထောက်ရာ ဘဏ္ဍာတိုက်ကြီးဖြစ်သကဲ့သို့ စစ်ရေးအရလည်း အလွန်အရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေပါသည်။

ထို့အပြင် မြို့နယ်အခြေစိုက် စစ်ကြောင်းများအဖြစ် ပေါက်မြို့နယ်အခြေစိုက် စစ်ကြောင်း (၅)၊ မြိုင်မြို့နယ်အခြေစိုက် စစ်ကြောင်း (၆)၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကြောင်း (၉)၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကြောင်း (၁၁)၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကြောင်း (၁၃) တို့ကို ထပ်မံဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အာဏာသိမ်းစစ်တပ်၏ Mi-17 ရဟတ်ယာဉ်တစ်စီးကို မြိုင်မြို့နယ်အတွင်းတစ်နေရာတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်အောက်ရှိ စစ်ကြောင်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) နှင့် ဒေသတွင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ကြောင်းများကို လေ့လာကြည့်ပါက ဒေသတွင်း အမည်နာမမျိုးစုံဖြင့် စုဖွဲ့တော်လှန်နေကြသော မြို့ပြဒေသ အလိုက် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကို မြင်တွေ့ရသည်။ သို့သော် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရယ်နှင့် ဒေသခံအရပ်သားပြည်သူများအား အကာအကွယ်ပေးနိုင်ရေးတွင်တော့ အကန့်အသတ်များ၊ စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုရပါမည်။

တွေ့ရှိတင်ပြချက်

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရတော့ မြိုင်မြို့နယ်သည် စစ်အာဏာသိမ်းကာလတလျှောက် မကွေးတိုင်းအတွင်း မြို့နယ်အလိုက် တိုက်ပွဲဖြစ်စဉ် ဒုတိယအများဆုံးတွေ့ရသည့် မြို့ နယ်ဖြစ်ခဲ့ပြီး   အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ် ဖြစ်ခဲ့သည်။ ထို့အပြင် မကွေးတိုင်းအတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့်ဆက်စပ်ပြီး အရပ်သားပြည်သူ သေဆုံးမှုအများဆုံးမြို့ နယ်အဖြစ်လည်း မြိုင်မြို့နယ်က မှတ်တမ်းဝင်နေသည်။ စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူအရေအတွက်ကိုကြည့်လျှင်လည်း မြိုင်မြို့နယ်သည် ပေါက်မြို့နယ်၏နောက် ဒုတိယအများဆုံးမြို့နယ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၂ ရက်နေ့အထိ (၇) လကျော်ကာလအတွင်း အာဏာသိမ်းစစ်တပ် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၁၁၇) မြို့နယ်အနက် မြဝတီနှင့် မင်းတပ်မြို့နယ်ပြီးလျှင် တတိယမြောက် လေကြောင်းတိုက်ခိုက်မှုအခံရဆုံးမြို့အဖြစ် မှတ်တမ်းဝင်နေပါသည်။ ထူးခြားချက်အဖြစ် မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်စဉ်များကိုမူ နယ်ချင်းထိဆက်နေသည့် ပေါက်မြို့နယ်ထက်ပင် နည်းပါးခဲ့သည်ဟု ဆိုရပါမည်။

ထိုအချက်ကို ထောက်ရှုပါက အာဏာသိမ်းစစ်တပ်သည် စုစည်းမှု၊ ညီညွတ်မှု၊ ပူးပေါင်းလှုပ်ရှားမှု အားကောင်းသော တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ရမည့် ရင်ဆိုင်တိုက်ပွဲများကို ရှောင်ရှားကာ လက်နက်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် မြေပြင်စစ်ကြောင်းထိုးစီးနင်းခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားစေပါသည်။

မည်သို့ဆိုစေ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဒေသများဆက်စပ်မှု စသော ပထဝီဝင်အနေအထားကြောင့် စစ်ရေးအရ အလွန်ရေးပါသည့် မြိုင်၊ ပေါက်နှင့် ပခုက္ကူစသော ရေနံမြေဒေသများသည် အညာဒေသ၏ အရေးပါသော စစ်ရေးခတ်ကွင်းသဖွယ်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်နှင့် ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်များအကြား စစ်ရေးပဋိပက္ခဖြစ်စဉ်များသည် အချိန်မရွေး ဆူပွက်ပေါက်ကွဲလာနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း ရှုမြင်ရပါသည်။

ထို့ကြောင့် နဂိုကတည်းက မြေပြင်စစ်ကြောင်းထိုးစီးနင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် အာဏာသိမ်းစစ်တပ်၏ အငြိုးအတေးခံဖြစ်နေသော မြိုင်ရေနံမြေဒေသမှ ဒေသခံပြည်သူများ၏ အသက်ရှင်လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးသည် မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု များအပြင် နိုင်ငံတဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများအတွက်ပါ ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပြီဟု ဆိုရပါမည်။ တဆက်တည်းတွင် စစ်ရေးအရရော၊ ဘဏ္ဍာရေးအရပါ အလွန်အရေးပါသော ရေနံမြေဒေသတစ်ခုလုံးအား အာဏာသိမ်းစစ်အုပ်စုထံ လက်မလွှတ်ရရေးသည်လည်း နွေဦးတော်လှန်ရေးအင်အားစုများအတွက် အလေးအနက် ထည့်တွက်ရမည့် အကြောင်းအရာတရပ်ဖြစ်လာကြောင်း တင်ပြအပ်ပါသည်။

“စစ်ရေးအရရော၊ ဘဏ္ဍာရေးအရပါ အလွန်အရေးပါသော ရေနံမြေဒေသတစ်ခုလုံးအား အာဏာသိမ်းစစ်အုပ်စုထံ လက်မလွှတ်ရရေးသည်လည်း နွေဦးတော်လှန်ရေးအင်အားစုများအတွက် အလေးအနက်ထည့်တွက်ရမည့် အကြောင်းအရာတရပ်ဖြစ်လာ

၁။ Civilians killed by Myanmar junta forces in Myaing and Pauk, ၁၇ သြဂုတ် ၂၀၂၆
၂။ မြိုင်နယ်စစ်ကြောင်းသတင်း၊ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်၊ ၁၈ ဇွန် ၂၀၂၆
၃။ စစ်ကြောင်းမှလူသတ်အလောင်းဖျောက်နေအိမ်မီးရှို့သတင်း၊ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်၊ ၁၅ ဇူလိုင် ၂၀၂၆
၄။ Numbers Behind Myanmar’s Conflicts, BNI-MPM, 12 Aug 2026
၅။ Military Airstrikes Tracker, BNI-MPM, 12 Aug 2026
၆။ Conflict Fatalities Tracker, BNI-MPM, 12 Aug 2026
၇။ IDP Displacement Tracker, BNI-MPM, 12 Aug 2026