စစ်အုပ်စု၏ ‌ဒေါ်အောင်ဆန်းစုကြည် “ကတ်”၊ ‌တော်လှန်‌ရေးအတွက် “ကပ်” မဖြစ်စေရေး သတိပြုရမည်

By MPM 31 ဇူလိုင်, 2026 👁 51

စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်အုပ်စုအတွက် အရေးပေါ်ကတ်တချပ်ကို အသုံးပြုလာပြီဖြစ်သည်။ ဒေါ်‌အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း ပြောဆိုမှုသည် စစ်အုပ်စု၏ လက်သုံးစကားတစ်ရပ်ဖြစ်သော်လည်း ယနေ့အချိန်ထိ “သေသလား၊ ရှင်သလား” ဟူသည်က မည်သူမျှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်အတွက် မြန်မာပြည်သူလူထုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတရပ်လုံးက စိုးရိမ်ပူပန်လျက်ရှိကြသည်။ ဤသည်ကပင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စုအတွက် အရေးပါသည့် “ကတ်” တချပ် ဖြစ်လာခဲ့သည်ဟု ဆိုရပါမည်။

အခြားတဖက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မီးစဉ်ကြည့်ကာ ဖြတ်သန်းနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်သည်ဟု စွဲကိုင်ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တိုက်တွန်းတောင်းဆိုလျက်ရှိသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ လက်ခုတ်ထဲမှ “ကတ်” တချပ်ကြောင့် တော်လှန်ရေးအင်အားစုများအတွင်းရှိ စည်းနှောင်မှု၊ ညီညွတ်မှုနှင့် အချင်းချင်းယုံကြည်ကိုးစားမှုများ ယိမ်းထိုးချိနဲ့မသွားစေရေးကို တွေးဆကာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသော ချဉ်းကပ်မှုများအား လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

‌ဒေါ်အောင်ဆန်းစုကြည်အတွက် လူထု၏ စိုးရိမ်ပူပန်မှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စတင်ဖမ်းဆီးခံခဲ့ရသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နောက်ပိုင်းကစပြီး သူမ၏ ရှေ့နေ အဖွဲ့နှင့် တွေ့ဆုံခွင့်ကိုပင် အာဏာသိမ်းစစ်အုပ်စုက ပိတ်ပင်ပစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကိုလည်း ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့် ဆက်သွယ်စကားပြောဆိုခွင့် စစ်အုပ်စုက တားမြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်ပေးဖို့အတွက် ရှေ့နေအဖွဲ့၏ စာဖြင့် အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုများအားလုံးကိုလည်း တစ်ကြိမ်တစ်ခါမျှပင် အကြောင်းပြန်ခြင်းမရှိဘဲ စစ်အုပ်စုက လစ်လျူရှုခဲ့သည်။

ထို့ကြောင့် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် အသက်ရှင်သန်နေခြင်းအပေါ် သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်းလင်းအပါအဝင် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။ “သက်ရှိထင်ရှားရှိကြောင်း သက်သေပြပါ” ၊ “Proof of Life” လှုပ်ရှားမှုများသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေပြီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အကျဉ်းသားအားလုံး လွတ်မြောက်ရေးသည် စစ်အာဏာသိမ်းမှုစတင်ကတည်းက ယနေ့အချိန်အထိ မတိမ်းမစောင်းဘဲ အစဉ်တစိုက် တောင်းဆိုနေသော ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုအားလုံး၏ အသံဖြစ်ခဲ့သည်။

စစ်အာဏာသိမ်းမှု (၅) နှစ်တာကာလအတွင်း တစ်လှိုင်းပြီးတစ်လှိုင်း ရွေ့ပြောင်းပျံ့နှံ့နေသည့် ကိုဗစ်ကပ်ရောဂါ၊ ရစ်ချက်စတာစကေး ၇ ဒသမ ၇ အထိ အင်အားပြင်းထန်လွန်းသည့် စစ်ကိုင်းငလျင်ဒဏ်၊ ရေကြီးရေလျှံမှု စသော သဘာဝဘေးများ အလီလီရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အာဏာသိမ်းစစ်အုပ်စု ရုံးစိုက်ရာ နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခုအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသည် အလွန်စိုးရိမ်ပူပန်စရာဖြစ်နေပါသည်။

စစ်အုပ်စု၏ ‌ဒေါ်အောင်ဆန်းစုကြည် “ကတ်”

စစ်အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ဝေလီဝေလင်းအချိန်ကတည်းကပင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လာနိုင်သော နိုင်ငံရေးသမားများ၊ စာပေနှင့် အနုပညာရှင်များကအစ အားလုံးကို အာဏာသိမ်းစစ်အုပ်စုက အကြောင်းမဲ့ လိုက်လံဖမ်းဆီးခဲ့ပြီး အဆီအငေါ်မတည့်သော ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့များလည်း တပြိုင်နက် ဖမ်းဆီးခံခဲ့ရပါသည်။ စစ်အာဏာသိမ်းကာလတလျှောက် နိုင်ငံတကာမျက်နှာစာမှ ဖယ်ကြဉ်ခြင်းခံထားရသည့် အာဏာသိမ်းစစ်အုပ်စုအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ထုတ်ကစားစရာ “ကတ်” တချပ်ဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) နှင့် ဒေါ်အောင် ဆန်းစုကြည်အား နေပြည်တော်ရှိ အကျဉ်းထောင်အတွင်း တွေ့ဆုံဆွေးနွေးခွင့်ပေးခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အစချီကာ အမေရိကန်အခြေစိုက် PanOrient News မှတဆင့် ဝါဒဖြန့်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား အသိအမှတ်မပြုခဲ့ဟုပင် ဆိုထားပါသေးသည်။  အာဆီယံနိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ကလည်း “တွေ့ခဲ့ပါတယ်။ သူ ကျန်းမာရေးကောင်းပါတယ်” ဟု ရောချခဲ့သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၊ ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ပြုလုပ်သော ဘန်ကောက်မြို့ရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးတို့အကြား အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုတွင်လည်း “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်း၊ ဆွေမျိုးသားချင်းတစ်ယောက်လို၊ အစ်မတစ်ယောက်လို စောင့်ရှောက်ထားကြောင်း” စစ်အုပ်စုကိုယ်စားလှယ် ဦးတင်မောင်ဆွေက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကတ်ကီရော (Sihasak Phuangketkeow) ကလည်း မြန်မာစစ်အုပ်စုအနေဖြင့် အာဆီယံ၏ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာထရီဇာလာဇရိုနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုထားပါသည်။

ဇူလိုင်လ ၂၁ ရက်နေ့၊ AFP သတင်းဌာနနှင့် တွေ့ဆုံချိန်တွင်တော့ “မြန်မာစစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရင် ဒါဟာ တိုးတက်မှုတခုမဟုတ်ဘူးလား” ဟု မေးခွန်းထုတ်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော်မှုအား တိုင်းတာရာတွင် ထည့်သွင်းစဉ်းစားစရာအဖြစ် ထုတ်ဖော်ပြခဲ့ပါသည်။

လက်တွေ့တွင်တော့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုတွင် ပါဝင်သော မန္တလေး၊ မုံရွာ၊ တောင်ကြီးမြို့များရှိ ဒေသခံပြည်သူ (၂၀) ဦး ထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးခဲ့သည်ကို တွေ့ရပါသည်။

စစ်အုပ်စု၏ ‌ဒေါ်အောင်ဆန်းစုကြည် “ကတ်”

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထုတ်ပြန်ချက်အမှတ် (၀၄/၂၀၂၆) သည် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်စောကြောမှုများစွာ ရှိခဲ့သည်။ အထူးသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများအားလုံး ဘုံတူညီစွာ သုံးနှုန်းနေကြသည့် “ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုတည်ဆောက်ရေး” စကားရပ်အစား စစ်အာဏာသိမ်းမှုမတိုင်ခင်က သုံးစွဲခဲ့သော “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ဟူသည့် ပေးထားချက်စကားရပ်အား ပြန်လည်သုံးစွဲခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ရပ်ကို ထောက်ရှုကြည့်ပါက စစ်အာဏာသိမ်းကာလ (၅) နှစ်‌ကျော်အတွင်း NLD ၏ ခေါင်းဆောင်မှုကင်းမဲ့နေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မရှိဘဲ မည်သည့်ကိစ္စရပ်ကိုမျှ ဦးဆောင်လုပ်ဆောင်နိုင် စွမ်းမရှိခြင်းကို ပြသနေပြီး အာဏာသိမ်းစစ်အုပ်စု လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းကို လက်ပိုက်ကြည့်နေရသည့်အခြေအနေတွင် ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

စစ်အာဏာသိမ်းကာလ (၅) နှစ်‌ကျော်အတွင်း NLD ၏ ခေါင်းဆောင်မှုကင်းမဲ့နေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မရှိဘဲ မည်သည့်ကိစ္စရပ်ကိုမျှ ဦးဆောင်လုပ်ဆောင်နိုင်စွမ်းမရှိခြင်းကို ပြသနေပြီး အာဏာသိမ်းစစ်အုပ်စု လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းကို လက်ပိုက်ကြည့်နေရသည့်အခြေအနေတွင် ရှိနေသည်…

အတုအယောင်ရွေးကောက်ပွဲဖြင့် ဖန်တီးလုပ်ယူထားသော အသွင်ပြောင်းစစ်အုပ်စုအား အသိအမှတ်ပြုသည့်အဆင့်သို့ ရောက်ရှိမသွားစေရန် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်အား ဆက်လက် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့ပဋိပက္ခအား ဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမည်ဟု NLD က ယုံကြည်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်နိုင်မည်ဟု ဆိုပါသည်။

NLD အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးမူကိုသာ အစဉ်အမြဲကိုင်စွဲထားပြီး စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း အသိပေးထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် (၅) နှစ်ကျော်ကြာ ကင်းကွာနေသော NLD ၏ ဇူလိုင်လ ၂၀ ရက် ထုတ်ပြန်ချက်ကို ထောက်ရှုကြည့်ပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရအမတ်များနှင့် စုဖွဲ့ ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် NLD အမတ်အများစုပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အတွင်းရှိ NLD အဖွဲ့ဝင်များ၊ ခေါင်းဆောင်ပိုင်းများ၏ ပူးပေါင်းပါဝင်မှုများသည် NLD ၏ မူဝါဒ၊ ရပ်တည်ချက်များအရ ပတ်သက်နေကြခြင်းမဟုတ်ကြောင်း ထင်ရှားစေပါသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်နေသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွင်း NLD ၏ မူဝါဒနှင့် ရပ်တည်ချက်သည် မပြတ်မသားဖြစ်နေကြောင်း တွေ့ရှိရပါသည်။

သုံးသပ်တင်ပြချက်

အသက် (၈၁) နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်နေကြရသူတိုင်းသည် စိုးရိမ်ပူပန်မှုပုံစံ ကွဲပြားကြပေလိမ့်မည်။ သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း၏ စိုးရိမ်ပူပန်မှု၊ နိုင်ငံ့မိခင်၊ နိုင်ငံ့ခေါင်းဆောင်အဖြစ် ချစ်ခင်မြတ်နိုးကြသော ပြည်သူလူထု၏ စိုးရိမ်ပူပန်မှု၊ NLD ပါတီ၏ စိုးရိမ်ပူပန်မှု၊ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှု စသည်တို့သည် ကွဲပြားခြားနားကြပေလိမ့်မည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုအတွက်မူ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပေါ်အသုံးပြုစရာ “ကတ်” တစ်ချပ် ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နာမည်ကို အသုံးပြုပြီး နိုင်ငံတကာအဝန်းအဝိုင်းအ တွင်း ဝင်ဆံ့ချင်နေသည်။ “ကျန်းမာစွာရှိနေကြောင်း၊ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း” စစ်အုပ်စု၏ ပြောဆိုချက်များသည် ဝါဒဖြန့်မှုသပ်သပ်ဖြစ်ကြောင်း သတိပြုရပါမည်။ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းကဲ့သို့ သားအရင်းတစ်ယောက်ကိုပင် တွေ့ခွင့်မပေးရဲသည့် စစ်အုပ်စု၏ လုပ်ရပ်ကို ထည့်သွင်းစဉ်းစားသင့်သကဲ့သို့ ရှေ့နေအဖွဲ့နှင့်ပင် တွေ့ဆုံခွင့်မရသော ဒေါ်အောင်ဆန်းစုကြည်၏အဖြစ်ကို လေးနက်စွာ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။

တဆက်တည်းတွင် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်လာသော စစ်ရေးပဋိပက္ခ အပြန့်အကျယ်နှင့် အရှိန်အဟုန်၊ နိုင်ငံရေးအရ အရွေ့အပြောင်းများ၊ နိုင်ငံတကာအစိုးရများ၏ သဘောထား ရပ်တည်ချက်များအားလုံးသည် ထည့်သွင်းစဉ်းစားစရာများဖြစ်လာပြီး စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ပြဿနာများအား ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်သည်ဟူသော NLD ၏ ချဉ်းကပ်မှုသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

မည်သို့ဆိုစေ စစ်အာဏာသိမ်းမှုအောင်မြင်ရေးအတွက် အခက်အခဲ၊ အကျပ်အတည်းကြုံတိုင်း ထွက်ပေါက်ရရေး အသုံးပြုတတ်သော အာဏာသိမ်းစစ်အုပ်စုအတွက် ဒေါ်အောင်ဆန်းစုကြည် “ကတ်” သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်နေကြသော တော်လှန်ရေးအင်အားစုအချင်းချင်းအကြားက စည်းနှောင်မှု၊ ညီညွတ်မှုနှင့် ယုံကြည်မှုများ ယိမ်းထိုးယိုင်နဲ့စေမည့် ကပ်ဆိုးမဖြစ်စေရေးကို သတိပြုဆင်ခြင်သင့်ပါသည်။

ထို့အတူ ဒေသတွင်းနိုင်ငံများနှင့် စုဖွဲ့ထားသည့် အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရုံမျှ” ဖြင့် ဘုံသဘောတူညီချက် (၅) ရပ်အတွက် တိုးတက်မှုအဖြစ် အလျင်စလို မမှတ်ယူအပ်သင့်ပေ။ လိုသလို အသုံးပြုနေသော အာဏာသိမ်းစစ်အုပ်စု၏ ဒေါ်အောင်ဆန်းစုကြည် “ကတ်” ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြားတွင်ပင် သဘောထားကွဲလွဲမှုများဆီ ဦးတည်သွားနိုင်သဖြင့် သတိပြုကိုင်တွယ်ချဉ်းကပ်သင့်ကြောင်း တင်ပြအပ်ပါသည်။

၁။ မစ္စတာဒွန်၊ ပန်အိုရီရန့်နှင့် စစ်ကောင်စီအကြား ကွဲလွဲနေသော သတင်းစကားများ၊ Issue – 112၊ ၁၁ ဇူလိုင် ၂၀၂၃၊ BNI-MPM