KK park မှ တိမ်းရှောင်လာသူတချို့ကို ဖားအံသို့ BGF ပို့ဆောင်ပေး

By MPM 25 အောက်တိုဘာ, 2025 👁

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ကျော်နေသည့် မြဝတီမြို့နယ်၊ KK park ဝန်းမှ ယခုရက်ပိုင်းအတွင်း ဝရုန်းသုန်းကား ထွက်ပြေးလာသည့် အလုပ်သမားများထဲမှ တချို့ကို စစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ဖားအံမြို့ပေါ် ဟိုတယ်များသို့ ပို့ဆောင်ပေးထားသည်ဟု မျက်မြင်တွေ့သူ မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

BGF က ဖားအံသို့ ပို့ပေးသူများတွင် နည်းပညာပိုင်းကျွမ်းကျင်သူများနှင့် ငွေကြေးတက်နိုင်သူ တရုတ်လူမျိုးများပါဝင်သည်ဟု ဖားအံမြို့ခံများအကြား ပြောဆိုနေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

၎င်းတို့ ဖားအံမြို့ပေါ် ဟိုတယ်များ၌ တည်းခိုရောက်ရှိနေမှုအပေါ် မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မြဝတီဘက်ကတရုတ် သူဌေးတွေ၊ အိုင်တီသမားတွေ ဖားအံဆင်းလာကြတာ အများကြီးဘဲ ရောက်နေတယ်။ ဂါဗနာဟိုတယ်တို့ ကန်သာဦးဟော်တည်တို့နဲ့ ဇွဲကပင်ပန်းခြံဟော်တယ်တို့မှာ အများကြီးဘဲ။ စစ်တပ်က ဖမ်းတာ၊ စစ်တာမျိုး မရှိဘူး။ BGF ကားနဲ့ဘဲ သွားလာနေတယ်။ ဟိုတည်တွေမှာ BGF တွေ ရှိနေတယ်။ မြန်မာ‌-တရုတ် စကားပြန်တွေလည်းပါတယ်။ တစ်ခြားနေရာတွေမှာလည်း တရုတ်တွေ ရောက်နေတယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် KK park ဝန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသား ငွေလိမ်အလုပ်သမားများ မြဝတီ၊‌ ရွှေကုက္ကိုလ်၊ ကျောက်ခက် စသည့်နေရာများရှိ BGF/ DKBA တပ်ဖွဲ့ နေရာများတွင် ရွှေ့ပြောင်းနေထိုင်နေကြသလို၊ ထိုင်နိုင်ငံဘက်မှတစ်ဆင့် နေရပ်ရင်းပြန်ပို့ရန် ယာယီထိမ်းသိမ်းခံရသူ ၁,၁၀၀ ဦးကျော်အထိရှိကြောင်း သိရသည်။

”မြဝတီမှာ တရုတ်တွေ ဖားအံ၊ ရန်ကုန်၊ မန္တ‌လေးအထိ ကားစင်းလုံးငှားပြီး သွားနေကြတယ်။ အရပ်သားကားတွေတော့ သူတို့ကို မပို့ရဲဘူး။ စစ်တပ်နဲ့ပေါင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက လူတွေကတော့ ကားစီးလုံးပြတ် ရန်ကုန်ကို တစ်ယောက် သိန်း၂၀၀‌ လောက်အထိ တောင်းပြီး လိုက်ပို့တာမျိုးရှိတယ်။ လမ်းမှာ အစစ်အဆေးကတော့ အဆင်ပြေသလို ဂိတ်ကြေးပေးပြီး ရှင်းပေါ့” ဟု မြဝတီသို့ ရွှေ့ပြောင်းရောက်ရှိကာ ခရီးသည်တင်ကားမောင်းနေသူတဦးက ပြောသည်။

အဆိုပါ တရုတ်ငွေလိမ်လုပ်ငန်း KK park ခြံဝင်းအား စစ်အုပ်စုနှင့် BGF တပ်ဖွဲ့မှ ထိမ်းချုပ်ထားသည်ဟု သတင်းများပြန့်နှံနေသော်လည်း အဆိုပါနေရာအနီးတစ်ဝိုက်ရှိ AA park ခြံဝင်း၊ ဧကတစ်ရာ တရုတ်ငွေလိမ်လုပ်ငန်းခြံဝင်းများမှာ ဆက်လက်လည်ပတ်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရပါသည်။

ကေအိုင်စီ