ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုပေးရန် ကမ္ဘာ့ခေါင်းဆောင်များကို ကိုထိန်လင်း တိုက်တွန်း

By MPM 21 အောက်တိုဘာ, 2026 👁 51

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိခင်ဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိလာအောင် တောင်းဆိုပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ (အောက်တိုဘာလ ၂၀ ရက်) တွင် တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် တာဝန်ခံခိုင်းခြင်း ရှိ/မရှိနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးခြင်း ရှိ/မရှိကိုလည်း ကိုထိန်လင်းက လူမှုကွန်ရက်မှတဆင့် မေးခွန်းထုတ်ထားသည်။

“မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် မေးချင်တယ်။ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံဖို့၊ ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြရဲ့လား” ဟု ကိုထိန်လင်းက ပြောဆိုသည်။

အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်သည့် မိခင် ဒေါ်အောင်ဆန်းစုကြည်သည် မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်သည့်အပြင် ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရကြောင်း၊ မိခင်ဖြစ်သူ၏ ဘဝလက်ကျန် အချိန်များကို မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းခွင့် ရရှိလိုရုံမျှသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နည်းတူ မြန်မာပြည်သူများပါ လွတ်လပ်ခွင့် ရရှိသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဗြိတိန်ဘုရင် ချားလ်စ်က ပေးပို့သည့် Soil The World at Our Feet နှင့် The Land Gardeners – Soil to Table အမည်ရ စာအုပ် နှစ်အုပ်နှင့် သံတမန် အိတ်ပိတ်စာအိတ် တို့ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပေးအပ်ခဲ့ကြောင်း စစ်အုပ်စုဘက်က အောက်တိုဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်၍ နိုင်ငံတကာ သံတမန်ရေးအရ တောင်းဆိုလှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

မဇ္ဈိမ