မြင်းခြံတွင် စစ်အုပ်စုက ရွာ ၂ ရွာမှ ဒေသခံ ၆၀ ဦး ဖမ်းဆီးရိုက်နှက်၊ ၁၀ ဦးကျော် ဆက်လက်ဖမ်းဆီးထား

By MPM 21 အောက်တိုဘာ, 2026 👁 45

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျောက်ဖြူကန်ကျေးရွာနှင့် ခင်မကန်ကျေးရွာတို့မှ ဒေသခံ အရပ်သား စုစုပေါင်း ၆၀ ဦးကို စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ပြီး​နောက် ယင်းတို့အနက် ၁၀ ဦးကျော်မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများ၏အဆိုအရသိရသည်။

ဖြစ်စဉ်အရ အောက်တိုဘာလ ၁၈ ရက်နေ့က ကျောက်ဖြူကန်ကျေးရွာမှ ဒေသခံ ၅၀ ဦးနှင့် အောက်တိုဘာလ ၁၇ ရက်က ခင်မကန်ကျေးရွာမှ ၁၀ ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်း​နောက် ယမန်​​နေ့ည​နေပိုင်းတွင် အချို့ကိုပြန်လွှတ်​ပေးခဲ့ခြင်းဖြစ်​ကြောင်း​ ဒေသခံများက​ပြောသည်။

“နှစ်ရွာ​ပေါင်း ၆၀ မှာ ၁၀ ​​ယောက်​ကျော်ဖမ်းထားတယ်။ ကျန်တာပြန်လွှတ်တာ​တောင် ရိုက်နှက်ပြီး၊ ဘာလို့ဖမ်းတာလဲမသိဘူး ထိပ်တိုက်​တွေ့လို့ထင်တယ်၊ သူတို့က ၉၀ ရာခိုင်နှုန်းက​တွေ့ရင် ဖမ်းဆီးသတ်ဖြတ်​နေတာ လုပ်ရိုးလုပ်စဉ်ပဲ​လေ။ အဲ့ဒါပျူ​စောထီး စိုးမိုးတဲ့​ရွာ​တွေ” ဟု ​ကျောင်ဖြူကန်​ကျေးရွာမှ ​ဒေသခံတဦးက မဇ္ဈိမသို့​ပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရမှုများရှိခဲ့ပြီး အများစုမှာနှာခေါင်းသွေးယိုသူများနှင့် ဦးခေါင်း​​ပေါက်ပြဲ ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဆက်လက်ဖမ်းဆီးခံရသူများနှင့် ပြန်လွှတ်​ပေးလိုက်သည့်သူတို့၏ လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ အသက် ၁၉ နှစ်မှ ၂၀ နှစ်ဝန်းကျင် လူငယ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးဘဲ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အမျိုးသားများမှာ ရိုက်နှက်ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူထုလှုပ်ရှားမှု​ကော်မတီထံက သိရသည်။

“သူတို့လိုချင်တဲ့သူ​တွေ​ ခေါ်ထားတယ်။ အသက် ၁၉၊ ၂၀ ​​ကျော်အရွယ်​​လေးတွေချည်း ဖမ်းတာ။ မိန်းက​လေး​တွေကို​တော့ မရိုက်ဘူး ​​ယောက်ျား​​လေး​တွေ အကုန်အရိုက်ခံရတယ်။ ပြန်လွှတ်တဲ့သူ​တွေလည်း ထွက်​ပြေး​နေရတယ်” ဟုအဆိုပါ​ ကော်မတီ၏အဖွဲ့ဝင်တဦးက မဇ္ဈိမသို့​ပြောသည်။

ဆက်လက်ဖမ်းဆီးခံရသူများကို မြင်းခြံမြို့ပေါ်သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသော်လည်း လက်ရှိတွင် မည်သည့်နေရာ၌ ဆက်လက်ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများမှာလည်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း​ ဒေသခံများက ဆိုသည်။

ကျောက်ဖြူကန်ကျေးရွာတွင် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ခင်မကန်ကျေးရွာတွင်မူ ရွာလုံးကျွတ် တိမ်းရှောင်မှု မရှိသေးကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါကျေးရွာများအတွင်း ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်သားအင်အား စုစုပေါင်း ၁၀၀ ခန့် ရှိနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကြောင်း ဆက်လက်ထိုးနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများ၏ လက်ရှိအခြေအနေနှင့် ဆက်လက်ထိန်းသိမ်းထားသည့် နေရာကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြင်းခြံမြို့နယ်တွင် စစ်အုပ်စုတပ်က အတင်းအကျပ်စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခြင်းသာမက အိမ်​ပေါက်​စေ့ စစ်မှုထမ်း​ကြေး​ကောက်ခံမှုများလည်း ပြုလုပ်​နေသည်။

စစ်အုပ်စုနှင့်ပျူ​စောထီးတပ်သည် ​ဒေသခံများကိုဖမ်းဆီးခြင်းများကို မကြာခဏပြု​လေ့လုပ်ရှိပြီး ​ဆက်​ကြေးပုံစံဖြင့် ​ငွေညှစ်​​​တောင်းခံမှုများကို အမြဲတ​စေပြုလုပ်​​နေ​ကြောင်း ​ဒေသခံများ၏အဆိုအရသိရသည်။

မဇ္ဈိမ