NCA လမ်းကြောင်းမှ သွေဖည်သည့် လုပ်ငန်းစဉ်များကို လက်ခံမည်မဟုတ်ဟု စစ်ခေါင်းဆောင်ပြော

By MPM 21 အောက်တိုဘာ, 2026 👁 69

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံမည်မဟုတ်ကြောင်း စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် မိန့်ခွန်းအတွင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က “NCA ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တစ်ခုသာ မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ချမှတ်ထားတဲ့ လုပ်ငန်းမူဘောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသား NCA သဘောတူညီချက်တွေကနေ သွေဖည်ခြင်းမရှိဘဲ NCA လမ်းကြောင်း ကို ဆက်လက်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA စာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများက ကြေညာထားသော်လည်း စစ်အုပ်စုက ယင်းတို့ကို ဆက်လက်ကိုင်စွဲထားသည်။

စစ်အုပ်စုသည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များကိုပါ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ BNI ဦးဆောင်ကော်မတီ အတွင်းရေးမှူး မတင်တင်ညိုက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ NCA လမ်းကြောင်းကို ကျမတို့ အဓိကတွေ့ရှိရမယ်။ ဆိုတော့ အဲဒီထဲမှာ ဆိုလို့ရှိရင် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက်ကိုတော့ NCA Plus ဆိုတဲ့ ဒီချည်းကပ်မှုမျိုးကတော့ ရှိနေတယ်ပေါ့။ ဆိုတော့ ဒီနေရာမှာ ကျမတို့ ကြည့်လိုက်မယ်ဆိုရင် စစ်အုပ်စုရဲ့ ရပ်တည်ချက်ကို ကျမတို့ ကြည့်လို့ရ တယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စစ်တပ်ရဲ့ အလျော့ပေးမဲ့ အရိပ်အယောင်မျိုး ကျမတို့ မတွေ့ ရှိရ သေးဘူး။ အဲဒီ ၂၀၀၈ အောက်ကနေ စစ်တပ်ရဲ့ နိုင်ငံရေးအရ နောက်ပြီးတော့မှ လွှမ်းမိုးထိန်းချုပ်မှု အာဏာပေါ့။ ဒါတွေကို သေချာဆက်ပြီးတော့မှ ဆွဲမယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျမတို့ ပိုပြီးတော့ တွေ့ရတာပေါ့” ဟု ထောက်ပြထားသည်။

ယခင်က NCA လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို တွေ့ဆုံဆွေးနွေးကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် စစ်အုပ်စုခေါင်းဆောင်က NCA ၁၁ နှစ်ပြည့် မိန့်ခွန်းထဲတွင် ဖိတ်ခေါ်တောင်းဆိုထားသည်။

သို့သော်လည်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုများတွင် ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေကို တောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများက နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ်သက်မှု အဆုံးသတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရန် ကြိုးပမ်းနေကြပြီး ၂၀၀၈ အခြေခံဥပဒေနှင့် NCA လမ်းကြောင်းမှလာမည့် မည်သည့် ဆွေးနွေးမှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုထားကြသည်။

NMG