KK Park နှင့် လုံးဝမသက်ဆိုင်ကြောင်း သက်သေနှင့်တကွ KNU ရှင်းလင်း

By MPM 25 အောက်တိုဘာ, 2025 👁

ယခု ရက်ပိုင်းအတွင်း နာမည်ကြီးနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိရာ KK Park ဝန်းနှင့် လုံးဝမသက်ဆိုင်သလို စစ်အုပ်စုက မမှန်မကန် စွပ်စွဲပြောဆိုခြင်းဖြစ်သည်ဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်၌ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကေအဲန်ယူသည် ထိုင်း-မြန်မာ နယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှါးရမ်းခြင်းနှင့် လုံခြုံရေးစောက်ရှောက်ခရယူခြင်းတို့ဖြင့် အကျိုးအမြတ်ရနေသည်ဟု စွပ်စွဲထားမှုအပေါ် အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်အုပ်စုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း မီဒီယာတစ်ချို့သို့ စွပ်စွဲပြောဆိုထားသည့် ဧက (၁၀၀) မြေကွက် (Trans – Asia International Holding Group (Thailand) Co. Ltd ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းနူတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း ကေအဲန်ယူက တုန့်ပြန်ပြောသည်။

ထိုအပြင် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် နေရာသည် ဧက (၅၀၀) အထိ ကျယ်ဝန်းပြီး မြေကွက်တစ်ခုနှင့် တစ်ခု (၃) ကီလိုမီတာ အကွာတွင်တည်ရှိနေသောကြောင့် KNU နှင့် ကျားဖြန့်လုပ်ငန်းများသည် လုံးဝသက်ဆိုင်မှု မရှိကြောင်းနှင့် စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo: KNU-CJ

ယခုလို စစ်အုပ်စုတပ်မှ KNU အပေါ်စွပ်စွဲပြောဆိုချက်များသည် စစ်အုပ်စုတပ်မှ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ် ဂိုဏ်းများမှ နိုင်ငံရေး၊ စစ်ရေးနှင့် အကျိုးအမြတ်များရရှိနေမှုကို ဖုံးကွယ်လိုသောကြောင့် KNU အပေါ် မဟုတ်မမှန် သတင်းဖြန့်ချိမှုသာဖြစ်၍ အပစ်ပုံချသည့် သတင်းအမှားဖြန့်ချိခြင်းသာဖြစ်သည်ဟု ကေအဲန်ယူက ဂြိုလ်တုဓါတ်ပုံ သက်သေနှင့်တစ်ကွ တုန့်ပြန်ထားသည်။

လက်တလောနာမည်ကျော်နေသည့် KK Park ၏ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုများကို နယ်ခြားစောင့်တပ် (BGF) မှ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ခိုင်မာသည့်အထောက်အထားများကို Justice for Myanmar (JFM) ကလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ တွင် KK Park ဝန်းကို စစ်အုပ်စုက ဝင်စစ်ခဲ့သည်ဟု ၎င်းတို့ ဝါဒဖြန့် မီဒီယာများ၌ ဖော်ပြထားပြီး ထပ်မံ ဝင်ရောက်စစ်ဆေးဦးမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဝန်းအတွင်းရှိ ကျားဖြန့်လုပ်သားများ ဝရုန်းသုန်းကာ ထွက်ပြေးနေမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဝန်းအတွင်း ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

KIC