အသုတ်မြို့ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ စစ်ကောင်စီ ဖမ်းဆီးသွားပြီး ၄ ရက်မြောက်တွင် သေဆုံး

By MPM 7 စက်တင်ဘာ, 2023 👁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ အမှတ်-၄ ရပ်ကွက် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌကို စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲများက ဖမ်းဆီးသွားပြီးနောက် ၄ ရက် အကြာတွင် သေဆုံးသွားကြောင်း အကြောင်းကြားလာသည်ဟု ၎င်း၏မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ဖမ်းသွားပြီး ၄ ရက် မြောက်နေ့မှာ လာပြီးအကြောင်းကြားတာ သေသွားပြီလို့ အလောင်းတော့ ပြန်မရသေးဘူး” ဟု ရပ်ကျေးဥက္ကဋ္ဌ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသုတ်မြို့ အမှတ် ၄ ရပ်ကွက် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို စစ်ကောင်စီအဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် အေးအေးဆေးဆေး နေထိုင်သူတစ်ဦးဖြစ်သလို ကျန်းမာရေး ကောင်းမွန်သူလည်း ဖြစ်သည်ဟု အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူတချို့က ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့က အသုတ်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်နေသည့် ရဲစခန်းမှူးအား လက်ပစ်ဗုံး ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဗုံးမှာပေါက်ကွဲခြင်း မရှိဘဲ၊ ဗုံးနှင့် ပစ်သူများသည်လည်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက သေနတ်ဖြင့်ပစ်ခတ် လိုက်လံဖမ်းဆီးခဲ့ရာတွင် လွတ်မြောက်သွားသည်ဟု မြို့ခံတချို့က ပြောသည်။

ရဲစခန်းမှူးအား လက်ပစ်ဗုံးနှင့် ပစ်သည့်ခဲ့သည့် လူငယ်များ လွတ်မြောက်သွားပြီးနောက် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို ညတွင်းချင်း လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“NLD ပါတီကဆိုတော့ အဲဒီအမှုနဲ့ ပတ်သက်ဆက်နွယ်မှု ရှိမယ်အထင်နဲ့ အဲ့ဒီညထဲက လာဖမ်းသွားတာ။ စစ်မေး ရင်းနဲ့ လက်လွန်သွားတာ ဖြစ်မယ်။ အခုကာလက လူ့အသက်တစ်ချောင်းဟာ ကြက်တစ်ကောင် ငှက်တစ်ကောင် လောက်တောင် တန်ဖိုးမရှိဘူး” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဦးအောင်မြင့်စိုးနှင့် အတူ အသုတ်မြို့မှ အခြားလူငယ် ၇ ဦးကိုလည်း ရဲစခန်မှူးအား ဗုံးဖြင့်ပစ်ခတ်သည့် ကိစ္စတွင် သံသယ ရှိသည်ဟုဆိုပြီး ဖမ်းဆီးထားသည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ ) လမ်းတွင် နေထိုင်သော ကိုထူးဝေအောင်ဆိုသူကို ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးသွားပြီး နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောဆိုသည်။

NMG ပေးပို့သည်။