စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦးကို ယခုလ စက်တင်ဘာ ၂ ရက်နေ့က စစ်ကောင်စီ စစ်ခုံရုံးမှ တစ်သက်တစ်ကျွန်းထောင်ဒဏ်နှင့်အတူ နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်ဟု မြို့ခံများနှင့် Indaw Revelation – IR က ပြောဆိုသည်။
Indaw Revelation- IR မှ တာဝန်ရှိသူက “သူတို့က သာမာန်အရပ်သားတွေပဲ။ ၂ ယောက်က အင်းတော်မြို့နယ် ထဲကပါ၊ ကျန်နှစ်ယောက်က တခြားဒေသကပါ။ ဖမ်းခံရတာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ သူတို့ဖြတ်ရင်းနဲ့ သူတို့ကိုစစ်ရင်းနဲ့ ဖမ်းခံရတာ၊ ၄ ယောက်လုံးက တစ်လတည်းမှာ ဖမ်းခံရတာ၊ အတူတူတော့ မဖမ်းခံရဘူး။” ဟု ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်ချခံရသူများထဲက ကိုဇော်မျိုးနိုင်သည် အင်းတော်မြို့၊ ညောင်ပင်စု ရပ်ကွက်မှဖြစ်ပြီး ၎င်းအား ပုဒ်မ ၅၀ – ည၊ ၅၂ – က နှင့် လည်းကောင်း၊ ကိုတင်မောင်ဝင်းကို ပုဒ်မ ၅၀ – ည၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ – ဂ တို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ကျန်နှစ်ဦးဖြစ်သည့် မသီတာဝင်းနှင့် ကိုကျော်သက်တို့အား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ – က နှင့် ၅၂ – ခ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် အသီးသီး ချမှတ်ခံလိုက်ရသည်ဟု မြို့ခံများနှင့် Indaw Revelation – IR ထံက သိရသည်။
၎င်းတို့ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ Indaw Revelation – IR မှ တာဝန်ရှိသူက “ကိုကျော်သက် ကတော့ ၇ လပိုင်း ၁၂ ရက်နေ့မှာ နန်းခါရွာထိပ်မှာ အင်းတော်မြို့နဲ့ ကပ်ရပ်ပေါ့၊ အဲ့ရွာထိပ်မှာ ဖမ်းခံရတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ အောက်ပိုင်းကနေ တက်လာပြီး အင်းတော် စစ်ဆေးရေးဂိတ်မှာ ကားပေါ်ကနေ ဆွဲချပြီးတော့ ဖမ်းလိုက်တာ။ သူတို့က ဘာအလုပ်လုပ်တဲ့သူတွေလည်းတော့ မသိဘူး။ တော်လှန်ရေးထဲ ပါဝင် နေတဲ့သူတော့ မဟုတ်ဘူး၊ သာမာန်အရပ်သားပြည်သူတွေပဲ” ဟု ပြောသည်။
အဆိုပါ အရပ်သား ၄ ဦးမှာ ဇူလိုင်လတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ထုတ်ထားသည့် ဒေသဖြစ်ပြီး အစစ်အဆေး တင်းကြပ်နေသည့် မြို့နယ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အင်းတော်ဒေသခံတစ်ဦးက “အင်းတော်မှာတော့ အခြေအနေ တော်တော်ဆိုးတယ်။ အဖမ်းအဆီးတွေက အစ အစစ်အဆေးတွေက အစ မြို့ပေါ်နေတဲ့ ပြည်သူတွေက ဒုက္ခရောက်တာပေါ့။ စစ်ရေးအခြေအနေကတော့ အခုတလော ငြိမ်နေတယ်” ဟု ပြောသည်။
အင်းတော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အတွင်း တစ်သက်တစ်ကျွန်း၊ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူ ၁၅ ဦး အထိ ရှိနေပြီး၊ ဩဂုတ်လ ၁၈ ရက်နေ့တွင်လည်း အင်းတော်စစ်ခုံရုံးမှ အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၄ ဦး အား သေဒဏ်ချမှတ် ခဲ့သည်ဟု ဒေသခံများနှင့် Indaw Revelation – IR မှ တာဝန်ရှိသူများက ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့က အင်းတော် စစ်ကောင်စီစစ်ခုံရုံးမှ သေဒဏ် ချမှတ်ခံရသူများမှာ ကားဆရာ ကိုဇော်မျိုးထွန်း (ခ) တိုနီ၊ ကိုကျော်စွာဝင်း (ခ) ကျော်စွာနှင့် မမြင့်မြင့်အေး (ခ) မအေးအေး၊ ကိုအောင်ကျော်ကျော် (ခ) လားလား တို့ ဖြစ်ကြပြီး ၎င်းတို့အား အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉-က နှင့် ၅၂-က တို့ဖြင့် တရားစွဲဆိုပြီး သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Indaw Revelation- IR က သတင်းထုတ်ပြန်ခဲ့သည်။
NMG ပေးပို့သည်။