သံတောင်မြောက်ပိုင်း ဒေသခံများ စစ်ကောင်စီ၏မြေမြှုပ်မိုင်းအန္တရာယ်ကို ကြုံနေကြရ

By MPM 15 ဩဂုတ်, 2023 👁

ကရင်ပြည်နှင့် ကရင်နီ (ကယား) ပြည်နယ် အစပ် သံတောင်မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးပဋိပက္ခများ ကြုံတွေ့နေရသည့်အပြင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းအန္တရာယ်ကိုပါ သတိထားနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီမှ သံတောင်မြောက်ပိုင်း ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံများက နေအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၌ ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြပြီး ၎င်းတို့ စခန်းချနေထိုင်ရာ ယာဒို – သောက်ရေခပ်နှင့် လိုရာဒိုကျေးရွာများ အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သဖြင့် သတိထားသွားလာနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောဆိုသည်။

“လိုရာဒိုဘက်မှာ စစ်တပ်အင်အားယူထားတာ အတော်များတယ်။ မြေမြှုပ်မိုင်းတွေလည်း သူတို့လိုက်ထောင် ထားတာ သတိထားရမှာ အများကြီးပဲ။ အဲဒီဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အချိန်မီ လိုက်ပြန်ဖြုတ် ရတာမျိုးလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များက ယင်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင်သို့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်ရန် မြေမြှုပ်မိုင်းများ သွားရောက်ထောင်ထား ခဲ့ကြခြင်းဖြစ်သလို မိုင်းများကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြီးခဲ့တဲ့တခေါက်တုန်းကလည်း ကျနော်တို့ရဲဘော်တစ်ယောက် အဲ့မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရတာရှိတယ်။ စစ်တပ် ရွာထဲဝင်ပြီး တပ်စွဲတာတို့ဆိုရင် အဲ့ပတ်ဝန်းကျင်မှာ ထောင်တတ်လို့ သိတဲ့ဒေသခံတွေကတော့ ခန့်မှန်းပြီး သတိထားရှောင်တိမ်းရတယ်။ လိုရာဒိုမှာလည်း အဲ့လိုထောင်ထားတာတွေ ရှိတယ်” ဟု ၎င်းက ပြောပါသည်။

ယခုရက်ပိုင်း အတွင်းလည်း စစ်ကောင်စီတပ်များ ယာဒိုကျေးရွာအနီးရှိ လိုရာဒိုကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်စဉ် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သလို ကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံ တချို့အား ဖမ်းဆီးခေါ်ဆောင်၍ လူငယ်များအား ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ပြီးမှ ပြန်လွှတ်ပေး ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

သံတောင်မြောက်ပိုင်း နယ်ခံအမျိုးသားတစ်ဦးက “ရွာထဲမှာ အိမ်တွေဖျက်ဆီးတာတော့ ရှိတယ်၊ ဖမ်းထားတဲ့ သူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ ဖမ်းခံထားရတဲ့သူတွေက အရင်ယာဒိုမှာ လေကြောင်းဖြစ်တော့ ပြေးကြပြီး ငြိမ်သွားပြီဆိုပြီး လိုရာဒိုမှာ ပြန်လာနေတဲ့သူတွေပါ။ လာနေတုန်း အဖမ်းခံရတာ၊ အခုလို ထပ်ဖမ်းတော့ သက်ကြီးရွယ်အို တချို့ကလွဲပြီး ကျန်တဲ့သူတွေတော့ အကုန်ထွက်ပြေးကြကုန်ပြီ” ဟု ဆိုသည်။

အလားတူ တိုက်ပွဲပဋိပက္ခများနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ယာဒို ဒေသခံ ၂ ထောင် ကျော်သည် ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပြီး၊ စစ်ရှောင်များတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးသူငယ်နှင့် နို့တိုက်မိခင်များ ပါဝင်တာကြောင့် ရေရှည်တွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်ချက် ကြီးမားနေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် လုပ်ခဲ့တာကြောင့် ယာဒိုရှိ ဘာသာရေး အဆောက်အဦးများအပြင် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။