ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာအား စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မုန်းမြို့နယ်ရှိ ငထွေစုတ်ရွာ၊ မျက်ရဲ (ကရင်) ရွာနှင့် မျက်ရဲ (ဗမာ) ရွာတို့တွင် စက်တင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေသခံ ၇ ဦးမှာ ငထွေစုတ် ရွာသားများ ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မျက်ရဲရွာ အခြေအနေတော့ မသိရဘူး။ မနေ့က နေ့လည်ပိုင်းက မျက်ရဲကို အရင် လေယာဉ်လာကြဲတာ၊ နောက်မှ ငထွေစုတ်ကိုလာတော့ ပြေးမမီလိုက်တော့ဘူး။ တိုက်ပွဲဆိုတာ သစ်ချဆိပ်တိုက်ပွဲရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမှာပေါ့၊ မနေ့က တိုက်ပွဲဖြစ်တယ်လို့ မကြားမိဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ငထွေစုတ်ရွာမှ နေအိမ် ၁၀ လုံး ထက် မနည်း မီးလောင်ပျက်စီးခဲ့ရသလို အဆိုပါ ကျေးရွာ ၃ ရွာမှ ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ရွာခံတွေကပြေးလည်း ဘေးက ရွာတွေကိုပဲ ပြေးရတာ ဒီထက် ပြေးစရာ နေရာလည်း မရှိတော့ဘူး။ အဲ့ဒီ ငထွေစုတ်ဘေးက ရွာတွေပဲပေါ့။ ကျောက်ကြီးဘက်လည်း တချို့ပြေးကြတယ်။ မျက်ရဲ ရွာမှာဆိုလည်း နေတဲ့သူ မရှိတော့ဘူးပြောတယ်” ဟု လက်ရှိအခြေအနေကို ပြောပြသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO နှင့် ပူးပေါင်းတပ်များသည် မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ သစ်ချဆိပ် တပ်စခန်းအား တိုက်ခိုက်သိမ်းယူစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ကူတိုက်ခိုက်လာတာကြောင့် မျက်ရဲကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း၂၆ ရွာမှ ဒေသခံများ စစ်ဘေး တိမ်းရှောင်ထွက်ပြေးနေရကြောင်း စက်တင်ဘာ ၂ ရက် နေ့စွဲဖြင့် KNU က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအပြင် စက်တင်ဘာ ၃ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်များ ရှိနေနိုင်သည်ဟု ယူဆရသော ကျေးရွာ တချို့သို့ သူဌေးကုန်းရွာဘက်မှနေ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ၏ ပြောဆိုမှုအရ သိရှိရသော်လည်း ထိခိုက်မှုအခြေအနေနှင့် မျက်ရဲကျေးရွာ ၂ ရွာ မှ ဒေသခံများအပါအဝင် နေအိမ်ထိခိုက်ပျက်စီးရသည့် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ကေအိုင်စီ ပေးပို့သည်။