လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ

By MPM 7 အောက်တိုဘာ, 2025 👁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army (ENDA) က နာဂလူငယ်တွေကို တပ်သားသစ်အတွက် ဖမ်းဆီးနေသလို နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ခန္တီး–လဟယ် ကားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်က နာဂလူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးနေတာဖြစ်ပါတယ်။

အခုလို တပ်သားသစ် ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေဟာ ဒေသတွင်းကနေ ပြည်နယ်ရဲ့ ပြင်ပဝင်ထွက်သွားလာဖို့ခက်ခဲသွားပြီး နောက်ဆက်တွဲအနေနဲ့ စီးပွားရေး၊ ပညာရေး စတဲ့ကဏ္ဍာတွေမှာ ဆုံးရှုံးနစ်နာမှုများစွာ ရင်ဆိုင်နေကြရတယ်လို့ အသက် ၃၀ အရွယ် နာဂလူငယ်အမျိုးသားတစ်ဦး KNG ကို အခုလိုပြောပါတယ်။

“နာဂလူငယ်တွေက အကျယ်ချုပ်ကျနေသလိုပါပဲ ဘယ်မှသွားလာလို့မရတော့ဘူး ထွက်ပေါက်က ခန္တီး–လဟယ်လမ်းနဲ့ ဒီ တနိုင်းလမ်းပဲရှိတယ် အဲ့နှစ်လမ်းစလုံးဖမ်းနေတော့ လူငယ်တွေက ပညာရေးကအစ စီးပွားရှာတာအားလုံး ဆုံးရှုံးနေရတယ်” လို့ ပြောပါတယ်။

လေယာဉ်လေကြောင်းလိုင်းမရှိတဲ့ နာဂဒေသမှာ ကုန်းကြောင်းလမ်းကနေ အထက်ဖော်ပြပါမြို့နယ်တွေကို ကချင်ပြည်နယ်ဘက်ကနေ တနိုင်း–ရှင်ဗွေယန်–နန်းယွန်း-လီဒို ကားလမ်းအတိုင်း ဝင်ရောက်နိုင်သလို စစ်ကိုင်းတိုင်းထဲကဆို ဟုမ္မလင်း–ခန္တီး–လဟယ် ကားလမ်းပိုင်းနဲ့လည်း ဝင်ရောက်နိုင်တာဖြစ်ပါတယ်။

သို့ပေမယ့် တနိုင်းနဲ့–ရှင်ဗွေယန် ကြားမှာတော့ နန်းယွန်း၊ ပန်ဆောင်ဘက်က ဝင်ထွက်သွားလာနေတဲ့လူငယ်တွေကို ENDA အဖွဲ့က ၂၀၂၂ ခုနှစ်ကတည်းက စတင်ဖမ်းဆီးနေပြီး ခန္တီးနဲ့ လဟယ်ကြားက လမ်းပိုင်းတွေမှာတော့ လဟယ်၊ လေရှီးဒေသဘက်က လူငယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်ကတည်းကနေ စတင်ဖမ်းဆီးနေတာဖြစ်ပါတယ်။

နာဂဒေသမှာ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းအင်တာနက်အခက်ခဲများကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်း အလွန်နည်းပါးသလို အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတွေလည်း မရှိတဲ့အတွက် လူငယ်တွေ မြို့ပေါ်တက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ယူချင်တာ၊ အလုပ်အကိုင်ရှာဖွေချင်တဲ့လူငယ်တွေ အမြောက်အများရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်အာဏာသိမ်းပြီးနောက် ဒီအခွင့်အရေးတွေ လက်လွှတ်ဆုံးရှူံးနေရကြောင်း နန်းယွန်းမြို့ခံ နာဂလူငယ်တစ်ဦးလည်း အခုလိုပြောပါတယ်။

“အရင်ကဆိုရင် ဒီလူငယ်တွေက မြစ်ကြီးနားတို့ ရန်ကုန် မန္တလေးတို့မှာဆင်းပြီး အလုပ်လုပ်ပြီးမှ မိဘကိုထောက်ပံ့ကြတယ်။ ပြီးတော့ တစ်ချို့လူငယ်တွေ ဆိုင်ကယ်ဝပ်လျော့တို့ အလှပြင်သင်တန်းတို့လိုမျိုးတွေ သွားတက်ကြတယ် မိန်းကလေးတွေဆိုလည်း စက်ချုပ်သင်တန်းတို့သွားကြတယ်။ အခု မိန်းကလေး ယောက်ျားလေး အကုန်ဖမ်းတယ် ဒီတိုင်းဆက်ဖြစ်နေရင်လူငယ်တွေအတွက် ဘာအနာဂတ်ပန်းတိုင်မှမရှိတော့ဘူး ဒေသထွက်လမ်းကိုပိတ်နေတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာပြည်ထဲက လူငယ်အများစုဟာ ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုနဲ့ ပြည်တွင်းမှာလူငယ်အများစုမလုံခြုံတဲ့အတွက် ပြည်ပထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေလာသူများပေမယ့် နာဂဒေသထဲကလူငယ်တွေဟာ ဒေသတွင်းမှာတင် ပိတ်မိနေကြတယ်လို့ သိရပါတယ်။

လက်နက်ကိုင်နှစ်ဖက်အဖွဲ့အစည်းရဲ့ ပိတ်ဆို့ဖမ်းဆီးခံနေရတဲ့ နာဂလူငယ်တွေဟာ စီးပွားရေးနဲ့ အလုပ်အကိုင်ရှာဖွေခွင့်ဆုံးရှုံးနေရတဲ့အပြင် ပညာသင်ခွင့်တွေလည်း ဆုံးရှူံးနေရကြောင်း လဟယ်မြို့ခံနာဂလူငယ်တစ်ဦးက အခုလိုပြောပါတယ်။

“ဒီလေရှီး၊ လဟယ်ဘက်ကတော့ အများစုက မုံရွာကို အဝေးသင်တက်ရမှာ မနှစ်ကအထိတော့ တက်ကြတယ်။ ဒီနှစ်တော့ဘယ်သူမှ မသွားကြသေးဘူး သွားလည်းမသွားရဲကြဘူး လမ်းမှာဖမ်းတယ်ဆိုတော့ အားလုံးလိုလိုက တိမ်းရှောင်နေကြရတာ” လို့ အသက် ၃၀ အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

နာဂကျောင်းသားများအဖွဲ့အစည်း (NSO) အဖွဲ့ရဲ့ ပြောကြားချက်အရ ၂၀၂၂ ကနေ ၂၀၂၅ လက်ရှိအချိန်အထိ လဟယ်၊လေရှီးဒေသထဲက နာဂလူငယ် ၁၀၀ ဝန်းကျင် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရပြီး နန်းယွန်း၊ ပန်ဆောင်ဒေသဘက်ကလည်း နာဂလူငယ်ရာချီပြီး တနိုင်း–ရှင်ဗွေယန် လမ်းပိုင်းမှာ ENDA ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရပါတယ်။

“ဒီလိုဖမ်းဆီးတာမျိုးကိုတော့ ကျနော်တို့အနေနဲ့ မထောက်ခံဘူး တနိုင်းနဲ့ ရှင်ဗွေယန်ကြားမှာလည်း နာဂကလေးတွေအများကြီးပါသွားတယ်။ တစ်ချို့ကလေးတွေ အခုချိန် သေသလားရှင်သလားတောင်မသိဘူး၊ ဖမ်းသွားပြီးမှ အခုထိ မိဘနဲ့အဆက်အသွယ်မရကြတဲ့လူငယ်တွေ အများကြီးပဲရှိတယ်” လို့ NSO အဖွဲ့တာဝန်ရှိသူတစ်ဦး ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီက ပြည်သူ့စစ်ထမ်းဥပဒေပြန်ဌာန်းပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးလာတာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဌာန်းရာမှာ လူငယ်တွေကို တစ်အိမ်တစ်ယောက် မဲနှိုက်တဲ့စနစ်နဲ့ခေါ်ဆောင်ဖို့ ပြဌာန်းခဲ့ပေမယ့် နာဂဒေသထဲမှာတော့ ဥပဒေထက်ကျော်လွန်ပြီး ဖမ်းဆီးတာမျိုးတွေရှိနေပါတယ်။

အလားတူ တနိုင်းနဲ့ရှင်ဗွေယန်ကြားမှာ လူဂငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတဲ့ ENDA အဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပြုထားတဲ့အဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီမူဝါဒပေါအခြေခံကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့ဆည်းတည်ထောင်လိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။

အထက်ဖော်ပြပါ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့နယ်သုံးခုထဲက နန်းယွန်းမြို့နယ်ဟာ ကချင်ပြည်နယ်နဲ့ထိပြီး လဟယ်နဲ့ လေရှီးမြို့နယ်တွေကတော့ စစ်တိုင်းကိုင်းထဲက ဟုမ္မလင်း၊ ခန္တီးမြို့နယ်တွေနဲ့ထိစပ်ကာ အနောက်ဘက်မှာတော့ အန္တိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီတပ်တွေနဲ့ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCN-K (အန်းမိုင်း)၊ NSCN-K (ယုန်းအောင်) အဖွဲ့တွေအပြင် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) တွေနဲ့ ဒီကနေ့အထိ တိုက်ပွဲ တစ်စုံတရာဖြစ်ပွားခြင်းမရှိသေးတဲ့ ဒေသလည်းဖြစ်ပါတယ်။

သို့ပေမယ့် စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲမရှိပဲ နယ်မြေတည်ငြိမ်အေးချမ်းနေတဲ့ နာဂဒေသထဲမှာ လူငယ်တွေကို ဖမ်းဆီးခံရမှု အခြားဒေသတွေထက် ပိုမိုးဆိုးဝါးစွာ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆိုပါတယ်။

KNG