ရှမ်းမြောက် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်များ ဆေးဝါးနှင့် မီးဖွားရန် အကူအညီလိုအပ်နေ

By MPM 8 စက်တင်ဘာ, 2023 👁

ဒေသတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကိုယ်ဝန်ဆောင် မိခင်များမှာ ဆေးဝါးနှင့် မီးဖွားရန်အတွက် ငွေကြေးအကူအညီ အရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“တိုက်ပွဲရှောင်တွေထဲ ဒီလထဲမွေးမယ့်သူ သုံးဦး ရှိပါတယ်။ ပြေးလာချိန်မှာ ဘာမှ မယူလိုက်ရဘူးလေ။ အခုက မီးဖွားမယ့် စရိတ်နဲ့ အနှီးထုတ်တွေ လသားကလေးဝတ်တွေ လိုအပ်နေတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

မူဆယ်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မိခင်များထဲမှ ၃ ဦးမှာ စက်တင်ဘာလအတွင်း ကလေးမီးဖွားမည် ဖြစ်ရာ တိုက်ပွဲများကြောင့် ရုတ်တရတ် တိမ်းရှောင် ထွက်ပြေးလာရသဖြင့် ဆေးဝါးနှင့် ငွေကြေးအကူအညီ အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က တိုက်ပွဲရှောင် ထွက်ပြေးလာသည့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးသည် မီးဖွားစရိတ်နှင့် ခွဲစိတ်စရိတ် မရှိသည့်အတွက် သွားရောက် ကူညီပေးခဲ့ရသည်ဟု မူဆယ်ပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

“ဟိုရက်ပိုင်းမှာလဲ မွေးလူနာက ဗိုက်နာလို့ဆိုပြီး သွားရောက်ခေါ်ဆောင်ပေးပြီးမှ ဆေးရုံ ပို့လိုက်တယ်။ မိခင်က ရိုးရိုး မမွေးနိုင်ဘူး။ ခွဲမွေးရမယ် ရိုးရိုးမွေးဖို့တောင် ငွေကြေးခက်ခဲနေတယ် ပြောလာတယ်။ ကျနော်တို့ အသင်းလည်း ရတယ် ခွဲမွေးလိုက်လို့ ပြောလိုက်တာ” ၎င်းက ပြောသည်။

ကလေးမီးဖွားပြီးနောက် အဆိုပါ စစ်ဘေးရှောင်မိခင်နှင့် ကလေးအတွက် အာဟာရနှင့် နို့မှုန့်ဖိုးများ လိုအပ်နေသည်လည်း အဆိုပါ မူဆယ်ပရဟိတအသင်း တာဝန်ရှိသူက ဆက်ပြောသည်။

“ဟိုနေ့မှာ မွေးတဲ့ကလေးက မကျန်းမာတာလား အသာဝါ ဖြစ်တာလာတော့ မသိဘူး။ ဓာတ်ကင် ရတယ်။ ကလေးအတွက် ဒီနေ့အထိ နို့မှုန့်ဖိုးတွေ ၇ သောင်းလောက် ကုန်ပါတယ်။ သူတို့နှစ်ဦးအတွက်လည်း အကူညီ တွေ လိုအပ်နေတယ်” ၎င်းက ဆိုသည်။

ယင်းစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က မူဆယ်မြို့နယ်ရှိ ကျေးရွာများအတွင်း ဖြစ်ပွား ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ အကြား တိုက်ပွဲများကြောင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

နှစ်ဘက်တပ်အကြား တိုက်ပွဲ ဆက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်များသည် နေရပ်မပြန်ရဲသေးဘဲ မူဆယ်မြို့တွင်သာ ဆက်လက် နေထိုင်နေရကြောင်း သိရသည်။

NMG ပေးပို့သည်။