ရွှေကူမြို့ ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ်တိုင် တိုက်ခိုက်ခံရပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

By MPM 7 စက်တင်ဘာ, 2023 👁

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို စက်တင်ဘာ ၆ ရက်နေ့ တစ်ရက်ထဲမှာ ဒရုန်းနဲ့ ၂ ကြိမ်တိုင် တိုက်ခိုက်ခံရတာကြောင့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူမြို့ခံတွေထံမှ သိရသည်။

ရွှေကူမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KPDF တပ်ရင်း ၅ တပ်ဖွဲ့ က စက်တင်ဘာ ၆ ရက် နေ့လယ် ၁၁ နာရီခန့်မှာ တစ်ကြိမ် ၁၁ နာရီ ၄၂ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ် တိုင် ဗုံးသီး ၈ လုံး ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် ထွေအုပ်ရုံး ဝန်ထမ်း ၁၀ ဦးနှင့် ရုံးထဲကို ထောက်ခံစာလာယူတဲ့ အရပ်သား ၁ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ KPDF တပ်ရင်း ၅ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“၈ လုံးစလုံး ကွဲတယ်၊ အဲ့ဒီတိုက်ခိုက်မှု မတိုင်ခင် သူတို့က အဲ့ရုံးမှာ အစည်းအဝေးလုပ်တာ၊ ဖြစ်ချင်တော့ ကျနော်တို့ ပစ်ချတဲ့အချိန်က အစည်းအဝေးလုပ်ပြီးစ အနေအထားမှာ ဖြစ်သွားတာ ကျတာကတော့ အစည်းအဝေးလုပ်တဲ့ ခန်းမအဆောင်ထဲ ကျပြီး မျက်နှာကျက်မှာ သွားကွဲတာ၊ အထဲမှာ သွားကွဲလို့ကတော့ အကုန်သေမှာ၊ အခုဒဏ်ရာနဲ့ ၁၁ ယောက် ဆေးရုံကို ရောက်လာတယ်တဲ့” လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။

ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ နေ့လယ် ၁၂ နာရီ ခန့်၌ ရွှေကူရဲစခန်းကနေ ရွှေကူမြို့ ပတ်လည်ရှိ ကျေးရွာများဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့ပြီး ထွေအုပ်ရုံးထဲ ဝင်ထွက် သွားလာခွင့်ကိုလည်း ခေတ္တတင်းကြပ်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောဆိုသည်။

ရွှေကူမြို့ရှိ စစ်ကောင်စီ ရုံးအဆောက်အဦးများနှင့် ရဲစခန်းကို KPDF က ဒရုန်းနှင့် မကြာခဏ တိုက်ခိုက်လျက် ရှိနေပြီး စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ရဲစခန်းကို ဒရုန်းနှင့် ၂ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး၊ ပြီးခဲ့သည့် ဇူလိုင်လကလည်း မြို့နယ်ထွေအုပ်ရုံး တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ထိုအခြေအနေများကြောင့် ရွှေကူမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေး ထပ်တိုးပြီး မြို့ဝင်မြို့ထွက် ကိုလည်း စစ်ဆေးရေး တင်းကြပ်လျက် ရှိသည်ဟု မြို့ခံများက ဆက်ပြောသည်။

သို့သော် ရွှေကူမြို့တွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲဌာန၊ အစိုးရ ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရမှုက လျော့နည်းသွားခြင်း မရှိဘဲ ယခုနှစ် ဇွန်လကတည်းက သိသိသာသာ တိုက်ခိုက်ခံနေရကြောင်း မြို့ခံများထံမှ သိရသည်။

ရွှေကူဒေသခံတစ်ယောက်က “ရွှေကူက ရေကြောင်းက လာလည်း တိုက်ခိုက်ခံရ ကုန်းမှာနေတဲ့သူတွေလည်း မကြာမကြာ တိုက်ခိုက်ခံရတော့ ခုနောက်ပိုင်း ရဲဝန်ထမ်းတို့ ဌာနဆိုင်ရာရုံးက ဝန်ထမ်းတွေတောင် ရုံးက မတက်မနေရမို့ တက်နေကြတဲ့ သဘောဘဲ။ ရဲစခန်းတောင် ပစ်ခံနေရတော့ ထွေအုပ်ရုံးတွေဆို နောက်ဆို ဒီထက်တောင် ဆိုးလာနိုင်တယ်” လို့ ပြောသည်။

ကချင်ပြည်နယ်တွင် ခရိုင် ၄ ခရိုင်နှင့် မြို့နယ် ၁၈ မြို့နယ် ရှိရာတွင် ရွှေကူမြို့နယ်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရေကြောင်းကနေ စစ်ကောင်စီတပ်၏ စစ်သင်္ဘောများ တက်လာတိုင်း ဧရာဝတီမြစ်ကမ်းတလျှောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာအပြင် စစ်ဘေးရှောင်များလည်း တစ်စစများပြားလာနေသည့် မြို့နယ်တစ်ခု ဖြစ်သည်။

KNG ပေးပို့သည်။