ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဌ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရ

By MPM 15 ဩဂုတ်, 2023 👁

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဌ ဒေါ်ညိုအေးကို ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင် လှုံဆောင်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့က ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့် “၅၆” နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာရှိသည်ဟု ရဲစခန်းက ခေါ်သွားပြီးနောက် ချက်ချင်းအမှုဖွင့် ရမန်ယူလိုက်ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

“ ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ရဲတွေက ရုံးခန်းကိုလာပြီးတော့ ဆန်ပြဿနာနေ့နဲ့ပတ်သက်ပြီး စကား နည်းနည်း ပြောစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ၊ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ရောက်တာနဲ့ ချက်ချင်း အမှုဖွင့်တယ်။ ချက်ချင်းတရားရုံး တင်တယ်။ အခု ရမန်တစ်ပတ် ယူထားတယ်။ နောက်အပတ် အင်္ဂါနေ့ ရုံးချိန်းထားတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

၁၉၆၇ ခုနှစ် ဦးနေဝင်းလက်ထက်တွင် ရခိုင်ပြည်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကို ဖြေရှင်းပေးရန် စစ်တွေ ဒေသခံများ တောင်းဆိုဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုလူများကို အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် ဩဂုတ် ၁၃ ရက်နေ့က ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခဲ့သည့် ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒေါ်ညိုအေး တက်ရောက်ခဲ့သည်။

ဆန်ပြဿနာနေ့အခမ်းအနား တက်ရောက်ခဲ့ခြင်းကြောင့် ဒေါ်ညိုအေးအား အခုလိုဖမ်းဆီးခြင်းမှာ စစ်ကောင်စီ သည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်သည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းက “ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တာကို ဖမ်းဆီးအရေးယူတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို မတရားချိုးဖောက်တာဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ နဲ့ ငြိစွန်းတယ် ” ဟု ပြောသည်။

ဒေါ်ညိုအေးမှာ ရခိုင်ပြည်တွင်း အမျိုးသမီးအရေးများတွင် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ပရဟိတ လုပ်ကိုင်နေသူဖြစ်၍ ပြစ်ဒဏ်လျော့ပေါ့ပေးရန် ရခိုင်အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတို့က တောင်းဆိုကြသည်။

ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိ ဒေါ်စောပုစိန်က “ သူ့ကို ဖမ်းတာက ဆန်ပြဿနာနေ့မှာ ပါဝင်လို့ ဖမ်းသွားတယ်လို့ သိရပါတယ်။ သူတို့ (စစ်ကောင်စီ)က အဲဒီနေ့ကို အကြောင်းပြတာပေါ့။ သူက အမျိုးသမီးတွေ အရေးမှာ အများကြီး ဆောင်ရွက်ပေးသူဖြစ်တယ်။ အသက်လည်း ကြီးနေပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုတော့ စိုးရိမ်မှုရှိတယ်။ ပြစ်ဒဏ်လျော့ပါးဖို့ အတွက်လည်း တောင်းဆိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်ညိုအေးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များ ပြောဆိုမှုအရ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။