ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော

By MPM 4 စက်တင်ဘာ, 2025 👁

ရခိုင်ပြည်တောင်ပိုင်းမှ စစ်ဘေးရှောင်များကို လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့နိုင်ရန် ဆောင်ရွက်နေကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း သံတွဲမြို့နယ်၊ တိုက်နယ် ၉ ခုမှ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၂,၁၈၈ စု၊ လူဦးရေ ၇,၀၄၉၉ ဦးအတွက် ဆန်အိတ် ၁,၁၆၄ အိတ်ကို ULA က ထောက်ပံ့ပေးခဲ့ကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

HDCO အချက်အလက်များအရ ဇွန်လအတွင်း သံတွဲမြို့နယ်အတွင်း စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၂,၃၄၅ စု၊ လူဦးရေ ၈,၀၉၈ ဦးရှိပြီး အကူအညီထောက်ပံ့မှုမရရှိသေးသည့် အခြားမြို့နယ်များမှ စစ်ဘေးရှောင်များကိုလည်း အကူအညီများ ဆက်လက်ထောက်ပံ့နိုင်ရန် လုပ်ဆောင်နေကြောင်း HDCO က ဆိုသည်။

ရခိုင်ပြည်တောင်ပိုင်းမှ စစ်ဘေးရှောင်များမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိမှု အလွန်နည်းပါးသဖြင့် အရေးပေါ်အကူအညီများပေးအပ်နိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း HDCO က ထုတ်ပြန်ထားသည်။

အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက “ အမ်းဖက်မှာဆိုရင် အကူအညီအထောက်အပံ့ရရှိမှုတွေ နည်းတယ်။ စားဝတ်နေရေးက အဆင်မပြေကြဘူး။ ထမင်းစားဖို့တောင် ဆန်မရှိတဲ့ မိသားစုတွေလည်းရှိတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ နေရပ်မပြန်နိုင်သေးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ အကူအညီအထောက်အပံ့ရရှိမှု နည်းပါးခြင်းတို့ကြောင့် စားဝတ်နေရေးပိုမိုကျပ်တည်းကြောင်း သူက ဆက်ပြောသည်။

အမ်းမြို့နယ်အတွင်းက ထောင်နှင့်ချီသည့် စစ်ဘေးရှောင် အများစုမှာ ဝေလံခေါင်ဖျားကာ လမ်းခရီးခက်ခဲသည့်နေရာများတွင် နေထိုင်ကြ၍ အကူအညီရရှိမှု နည်းပါးမှုအပြင် ကျန်းမာရေးအခက်အခဲများလည်း ရှိနေသည်။

ရခိုင်တောင်ပိုင်းတွင် လူမှုကူညီရေးအဖွဲ့အစည်းများ နည်းပါး၍ အကူအညီအထောက်အပံ့ရရှိမှုများ အားနည်းနေခြင်းဖြစ်ကြောင်း လူမှုကူညီရေးလုပ်နေသူများက ထောက်ပြကြသည်။

“ အဓိကတော့ ရခိုင်တောင်ပိုင်းဒေသတွေက စစ်ပွဲဖြစ်ပွားတာတွေ နည်းတယ်။ ပဋိက္ခဖြစ်တာတွေ နည်းတဲ့အတွက် လူမှုကူညီရေးအဖွဲ့တွေ နည်းတယ်။ သာရေးနာရေးလောက်ပဲရှိတယ်။ ဒါကြောင့်‌တောင်ပိုင်းဒေသက စစ်ဘေးရှောင်တွေက ကူညီကယ်ဆယ်ရေးရရှိမှုတွေ နည်းတယ်” ဟု စစ်ဘေးရှောင် အရေးကူညီနေသူတစ်ဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ ရခိုင်တောင်ပိုင်းဒေသတွေ အကူအညီရရှိမှုနည်းသွားတဲ့ အကြောင်းအရင်းတစ်ခုက ဆက်သွယ်ရေးကွန်ယက် မရှိတာကြောင့်လည်း ပါတယ်။ ရခိုင်မြောက်ပိုင်းမှာက အတိုင်းအတာတစ်ခုထိ အင်တာနက်လိုင်းအသုံးပြုခွင့်ရတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တခြားဒေသတွေက လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခွင့်ရတယ်။ ဒါကြောင့် ရခိုင်မြောက်ပိုင်းက စစ်ရှောင်တွေက ပိုပြီးကူညီထောက်ပံ့မှုရတယ်” ဟု သူက ဆက်ပြောသည်။

လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်မြင့်မားပြီး အကူအညီရရှိမှု နည်းပါးသည့် မြို့နယ်များမှ စစ်ဘေးရှောင်များကို အရေးပေါ်အကူအညီများပေးနိုင်ရန် အလေးထားလုပ်ဆောင်ရန် လိုအပ်နေကြောင်း HDCO ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်ဒေသတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သိန်းခန့် ရှိနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအကျပ်အတည်းအပြင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းအန္တရာယ်စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေကြရဆဲဖြစ်သည်။

DMG