မြန်မာနိုင်ငံအတွက် လူသားစာနာ အကူအညီ အားကောင်းကောင်းနဲ့ ပေးပို့ရေး အင်ဒိုနီးရှား လွှတ်တော်အမတ်တွေ တိုက်တွန်း

By MPM 22 စက်တင်ဘာ, 2025 👁

ကွာလာလမ်ပူမြို့မှာ စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံ လွှတ်တော်များညီလာခံ AIPA မှာ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အားကောင်းကောင်းနဲ့ ပို့ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အာဆီယံ အလုံးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတပ်ဦးက လွှတ်တော်များခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အဲဒီညီလာခံကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ တရားဝင် ကျင်းပနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးပို့မှု အားကောင်းအောင် လုပ်ဆောင်ဖို့ အဆိုပြုချက်ကို AIPA ရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးမှာ မိတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ အာဆီယံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲ မာဒါနီအလီဆီရာက ကြေညာချက်ထဲ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပိုမိုပေးအပ်ရေး အဆိုပြုချက်ကို AIPA ရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ ကော်မတီတွေမှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မြန်မာ့ပြဿနာအတွက် အာဆီယံက တစ်စုတစည်းတည်း အရေးတကြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အကြီးအကဲ မာဒါနီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြည်တွင်းစစ် ဖြစ်နေချိန်မှာ ငလျင်ဘေးနဲ့ ကြုံရတာကြောင့် အခြေအနေ ပိုဆိုးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာ့ပြဿနာကြောင့် အင်ဒိုနီးရှားလည်း ထိခိုက်မှုတွေရှိနေတဲ့အတွက် အာဆီယံက လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်ဖို့ အရေးကြီးကြောင်းလည်း မာဒါနီက ဆိုတာပါ။

အာဆီယံက စစ်ခေါင်းဆောင်တွေ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ နေပြည်တော်သို့ စက်တင်ဘာ ၁၉ ရက်မှာလာရောက်ဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် အောက်တိုဘာလဆန်းပိုင်းအထိ နောက်ဆုတ်ထားပါတယ်။

အဲဒီလို ခရီးစဉ် နောက်ဆုတ်လိုက်ရတဲ့ အကြောင်းအရင်းကိုတော့ အာဆီယံဥက္ကဋ္ဌ မလေးရှားက ဖော်ပြမထားပါဘူး။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နေပြည်တော်ခရီးစဉ်မှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သံလွင်တိုင်းမ်