ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို ARSA က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် သေဆုံးလျက် တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုသည်။
သေဆုံးသူ အသက် ၆၀ ကျော်အရွယ် ဦးမာမတ်ရူရ်ကူရ်းမှာ ကျေးရွာ ရပ်မိ၊ရပ်ဖတစ်ဦးဖြစ်ပြီး ၎င်းအား စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) ထံ သတင်းပေးနေသည်ဟုဆိုကာ – ARSA တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မောင်နှမတောင်အနီး ဦးမာမတ်ရူရ်ကူရ်း သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် မျက်မြင်အမျိုးသားတစ်ဦးက ပြောသည်။
“အသတ်ခံရတဲ့ အလောင်းကတော့ မေယုမြစ်ကနေ မျှောလာလို့ ကျနော်တို့လည်း တွေ့ရတာ။ အလောင်းက အနံ့ထွက်နေပြီ။ အခုတော့ အဲဒီအလောင်းကို (မီးကျောင်းခေါင်းဆွဲ) ရွာသားတွေကလာပြီး မြေမြုပ်လိုက်ကြပြီ” ဟု မျက်မြင်အမျိုးသားက ပြောပါသည်။
ဦးမာမတ်ရူရ်ကူရ်းကို ဖမ်ဆီးသွားသည့် ARSA အဖွဲ့ဝင်များမှာ ဘူးသီးတောင်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှား နေသော မူဟာမတ်ခါရ်လစ် ဦးဆောင်သောအဖွဲ့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်း လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများတလျှောက်တွင် ARSA အဖွဲ့ဝင်များက လက်နက်ကိုင်၍လည်းကောင်း၊ လက်နက်မပါဘဲ လည်းကောင်း သွားလာလှုပ်ရှားမှု များပြားလာ၍ ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြသည်။
“အာဆာအဖွဲ့တွေ လှုပ်ရှားမှု ရှိနေတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလို့ရမဘူး။ နေရင်းထိုင်ရင်းနဲ့ ကြောက်နေရတယ်၊ စိုးရိမ်နေရတယ်” ဟု မီးကျောင်းခေါင်းဆွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်” အောက်မေ့ဖွယ်အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် ဒုက္ခသည်များက ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြပြီးနောက်ပိုင်းတွင် မောင်တောခရိုင်အတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများကို တွင်ကျယ်စွာ မြင်တွေ့လာရသည်ဟု ဒေသခံများက ပြောကြသည်။
စစ်ကောင်စီ ထိန်းချုပ်ရာ နယ်မြေအတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံများကြား စိုးရိမ်စရာ ဖြစ်လာနေသဖြင့် ထိန်းချုပ်ပေးရန် လိုအပ်နေကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတွင် စစ်ကောင်စီ၊ AA အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ARSA၊ RSO နှင့် ARSA ခွဲထွက် အဖွဲ့ငယ်များ လှုပ်ရှားနေကြပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာအနီး မယူတောင်ကြော တွင် ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အောင်ထိန် (DMG) ပေးပို့သည်။