ပုံစာ – ဗန်းမောက်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော နားယောကျေးရွာအနီးတွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ နေလည် ၁ နာရီခွဲအထိ စစ်ကောင်စီ ခလရ ၁၀၆ တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“နှစ်ဖက်စလုံး စက်လတ်တွေရော အသေးအကြီးတွေရောနဲ့ ပစ်ကြတာ ဆူညံနေတာပဲ။ စစ်တပ်က ပေကုန်းရွာ စာသင်ကျောင်းကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ဟိုဘက်ကလည်း ဖိုတီးတွေနဲ့ နင်းကန်ပစ်တာ ကြားရတယ်Ó ဟု ဗန်းမောက်မြို့၊ မြို့ပြင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။
ယင်းနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ပစ်ခတ်မှုများ အနည်းငယ် လျော့ကျသွားပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က နန့်လင်းကျေးရွာဘက်အထိ လိုက်လံရှင်းလင်းကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ လိုက်လံရှင်းလင်းစဉ် စစ်ကောင်စီတပ် ဗန်းမောက်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း အဆိုပါဒေသခံများက ဆက်ပြောပြသည်။
ဗန်းမောက်မြို့အနီး ကျေးရွာသားတစ်ဦးက “ဗျူဟာကုန်းကနေ လေးချက်ပစ်တာ နှစ်ချက်က ရေကန်ရွှံ့ပျော့ထဲ ကျလို့ မကွဲဘူး။ နှစ်လုံးပဲ ကွဲတယ်။ ရွှေကျောင်းရွာနားကို ပစ်တာ” ဟု ဆိုသည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က KIA၊PDF အလောင်းတစ်လောင်းနှင့် M-4 သေနတ်တစ်လက် M-4 ကျည်အိမ် ၁ ခု M-4 ကျည် ၁၀ တောင့် အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသော်လည်း ဒေသကာကွယ်ရေး အင်အားစုများဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင်လည်း ဒေသကာကွယ်ရေးတပ် PDF အဖွဲ့များ ရှိနိုင်သည်ဟု ယူဆသော နန့်လင်းကျေးရွာ အနီးရှိ မြွေပေါက်ကုန်းတောင်ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်းလည်း ဒေသခံများက ပြောသည်။
ဗန်းမောက်တောင်ပိုင်းသို့ စစ်ကောင်စီတပ်များ စစ်ဆင်ရေး မလုပ်သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ယခုအခါ ဗန်းမောက်တောင်ပိုင်းဒေသဘက်သို့ စစ်ဆင်ရေးများ ဆောင်ရွက်မည့် အခြေအနေကို တွေ့မြင်နေရကြောင်း ဒေသခံများက ဆိုသည်။
“မနှစ်က တပ်မ ၈၈ တောင်ပိုင်းကို ဝင်ပြီးလို့ ထွက်သွားကတည်းက တောင်ပိုင်းကို စစ်ဆင်ရေးတခါမှ မဝင်သေးဘူး။ အခုတော့ ပြန်ဝင်မယ်လို့ ကြားနေရတယ်” ဟု ဗန်းမောက်မြို့ခံတစ်ဦးက ဆိုသည်။
ဗန်းမောက်မြို့တောင်ပိုင်းသို့ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမည့် အရိပ်အယောင် တွေ့နေရသောကြောင့် မြောက်ပိုင်းအင်းတော်နယ်ဘက်မှ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း တစ်ရင်းလည်း တောင်ပိုင်းသို့ ပြန်ဝင်လာသည်ကို သိရှိရကြောင်းလည်း ဒေသခံများက ပြောသည်။
“ရှေ့တစ်ရက်နှစ်ရက်က ကျွဲကောကြီးရွာမှာ ညအိပ်ပြီး တမြန်ရက်က ရွှေကျောင်းကို ရောက်လာတယ်။ KIA တော်တော်များတယ်” ဟု ဗန်းမောက်တောင်ပိုင်းက ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပြောချက်အပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဗန်းမောက်မြို့ တောင်ပိုင်းဒေသ၌ ရွှေလုပ်ငန်းများ အများအပြားရှိပြီး ဒေသကာကွယ်ရေးအဖွဲ့ အားကောင်းသော ဒေသတစ်ခုဖြစ်သောကြောင့် စစ်ကောင်စီတပ်များ ဝင်ရောက်ပါက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနိုင်သည့် အခြေအနေရှိသည်ဟု မြို့ခံများက ပြောသည်။
ထို့ပြင် ဗန်းမောက်တောင်ပိုင်းမှတဆင့် ပင်လည်ဘူး ၊ ဝန်းသို ၊ ဖောင်းပြင် အစရှိသော မြို့နယ်များသို့ စစ်ရေးအရ ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အသုံးပြုနိုင်သောကြောင့် နှစ်ဖက်စလုံးအတွက် အရေးကြီးသော ဒေသတစ်ခုလည်း ဖြစ်နေသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။