ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီးသေဆုံး

By MPM 4 စက်တင်ဘာ, 2023 👁

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ပေါင်မြို့ခံတစ်ဦးက “ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာပြီးတော့ ပစ်သွားတာ။ သေနတ်သံ ဆယ်ချက်လောက် ရှိမယ်။ ပစ်သွားတာ” ဟု ပြောသည်။

စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲခန့်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဆိုသူသည် မိုးနိုင်းဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲတပ်သား၏ မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရရှိသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့‌ကြောင်းနှင့် ပစ်သတ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် ပေါင်မြို့နယ်ရဲစခန်းမှ ၎င်း၏ ရုပ်အလောင်းကို လာရောက်သယ်ယူသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသူ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ပေါင်မြို့နယ်ရဲစခန်းမှ မိုးနိုင်းရပ်ကွက်အပိုင် နယ်ထိန်းရဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ပစ်သတ်ခံခဲ့ရသည်။

ဇူလိုင်လအတွင်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေသည့် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။

IMNA ပေးပို့သည်။