တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရသည်။
အင်အား ၁၀ ဝန်းကျင်နှင့် တပ်စွဲထားသည့် ကျောက္ကာကျေးရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ဇွန် ၂၇ ရက်နေ့ မနက် ၅ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အချိန် ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး စခန်းအတွင်းရှိနေသည့် ပျူစောထီးများက စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံကနေ M16A1 ရိုင်ဖယ် ၄ လက်၊ AK47 ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၁၃၈ တောင့်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တော်လှန်ရေးအင်အားစုတို့ ပြောဆိုချက်အရ ယခင်ကကျောက္ကာပင်လယ်ပြင်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီး ဒါမှမဟုတ် သုံးစီး တပ်စွဲထားလေ့ရှိပေမယ့် ဇွန် ၂၇ ရက်နေ့က စစ်သင်္ဘောများ မရှိခဲ့ဘူးဟု ပြောဆိုကြသည်။
ပြီးခဲ့သည့် မေလပိုင်းကလည်း ထားဝယ်မြို့နယ်အရှေ့တောဒေသရှိ စစ်ကောင်စီ၏ ထီးခီးတပ်စခန်းနှင့် ထီးထဗျူဟာစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။