ပုလောတွင် စစ်ကောင်စီရေတပ်လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

By MPM 10 စက်တင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ပုလောချောင်းဝမှာ ရပ်နားထားသည့် စစ်ကောင်စီရေတပ် သင်္ဘောကနေ လက္ကူး၊ မြဒေါင်နှင့် ပြင်ဖြူကျေးရွာများထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ဒေသခံများ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခြင်း ဖြစ်သည်။

စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ လက္ကူး ကျေးရွာထဲနှင့် ရွာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုလက်နက်ကြီးကျည်ကြောင့် အသက် ၂၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီဘက်က ထိုသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံများ အနေနှင့် ကြောက်ရွံ ထိတ်လန့်နေကြပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စက်တင်ဘာ ၇ ရက်နေ့ ကလည်း ပုလောမြို့နယ်၊ ကျောက္ကာရွာ အပြင်ဘက် မြင်းအောက်ကျွန်းအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လက လက္ကူးရွာထဲသို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၆ နှစ် အရွယ် ဒေါ်သန်းကြည် လက်နက်ကြီးစထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။