နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာအကူအညီပေးရေး တောင်းဆိုချက်အပေါ် တုန့်ပြန်မှုမရသေးဟုဆို

By MPM 5 စက်တင်ဘာ, 2023 👁

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အိမ်နီးချင်းနိုင်ငံများကတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်ဖို့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တစုံတရာတုန့်ပြန်မှု မရရှိသေးဘူးလို့ ကရင်နီအမျိူးသားတိုးတက်ရေးပါတီ (KNPP) က ပြောသည်။

KNPP ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ တာဝန်ရှိသူ နဲ့နယ်ပလိုးက ထိုသို့ပြောဆိုခြင်း ဖြစ်သည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အမှန်တကယ် လိုအပ်နေသူ များထံ ရောက်ရှိရန် နယ်စပ်ဖြတ်ကျော်ကူညီမှသာ မြန်မာနိုင်ငံအတွက် ထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့သုံးဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့က ပူးပေါင်းထုတ်ပြန် တောင်းဆိုထားခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများသည် စစ်ရှောင်လူထုအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရာတွင် အတွေ့အကြုံ ယန္တရား ရှိထားပြီး ဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးအပ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်သည့် အတွက် တောင်းဆိုရတာ ဖြစ်တယ်လို့ KNPP ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ တာဝန်ရှိသူ နဲ့နယ်ပလိုးက ပြောသည်။

“ကျနော်တို့ ဖြစ်စေချင်တာနဲ့ နိုင်ငံတကာအဖွဲ့အစည်း မြင်တာက မတူဘူး ဖြစ်နေတယ်။ သူတို့မှာ လိုက်နာရမယ့် နိုင်ငံတကာ စည်းမျဉ်းတွေ ရှိတယ်။ ဥပမာ – နယ်စပ်ဖြတ်ကျော်ပြီး အကူညီကို တရားဝင် ပေးဖို့ဆိုရင် သက်ဆိုင်ရာ နိုင်ငံတွေက သဘောတူရတယ်။ တစ်နိုင်ငံက သဘောမတူရင် တရားဝင် ဖြတ်လို့ မရဘူးဆိုတော့ ကျနော်တို့ အနေအထားမှာ အဲလိုသဘောတူညီချက် ရဖို့က တော်တော် ခက်ပါတယ်။ ကျနော်တို့ကို အင်တိုက်အားတိုက် တွန်းပေးမယ့် နိုင်ငံနဲ့ အဖွဲ့အစည်းဆိုတာလည်း မရှိဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှ တုန့်ပြန်မှု မရခဲ့ဘူး” လို့ နဲ့နယ်ပလိုးက ပြောဆိုသည်။

လူသားချင်းစာနာထောက်ထားမှု နယ်စပ်ဖြတ်ကျော် အကူအညီများပေးခြင်းအားဖြင့် စစ်ကောင်စီ၏ ယန္တာရားနှင့် ၎င်းတို့၏ ထိန်းချုပ်မှု၊ ကန့်သတ်မှု၊ အလွဲသုံးစားမှု၊ အသိမှတ်ပြုမှုကို ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ၎င်းကဆိုသည်။

ဒုက္ခသည်အများစု ခိုလှုံနေသည့် မြန်မာနှင့်နယ်နမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များကို ခွင့်ပြုထားမှုမရှိခြင်းက တော်လှန်ရေး လက်နက်ကိုင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများအတွက် အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခု ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး -၂ ဦးဗညားက ပြောသည်။

“ကျနော်တို့ တချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ UN Agency တချို့ နိုင်ငံကြီးတွေနဲ့ အမြဲတမ်း ကြိုးစားပါတယ်။ ထိုင်းနိုင်ငံကနေ လူသားချင်းစာနာထောက်ထားမှုကို ရရှိမယ်ဆိုရင် ကျနော်တို့ ပြည်နယ်ရဲ့ ကျနော်တို့ဒေသရဲ့ လူသားချင်းစာနာထောက်ထားမှု အခက်အခဲကို အများကြီး ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်” လို့ ဦးဗညားက ပြောဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံနယ်စပ်၌ ရောက်ရှိနေသည့် ကရင်နီစစ်ရှောင်များကို UN အေဂျင်စီအဖွဲ့များက အကန့်အသတ်နဲ့သာ တွေ့ခွင့်ရသလို စစ်ရှောင်များအနေဖြင့် လုံခြုံသွားသော်လည်း ရေရှည်ဘဝ ရှင်သန်ရပ်တည်ရေးနဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ဦးဗညားက ဆိုသည်။

ထိုင်းနိုင်ငံမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ရရှိနိုင်ဖို့အတွက် နိုင်ငံတကာ အစိုးရများက လုပ်ဆောင်ပေးနိုင်မှ အဆင်ပြေမယ်လို့ ဦးဗညားက ဆက်ပြောသည်။

စစ်အာဏာသိမ်းမှု ဆန်ကျင်သည့် တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပတ်သက်ပြီး ခုခံတောင့်ခံနိုင်သလောက် ရှိပေမဲ့လည်း တော်လှန်ရေး မပြီးမချင်း စစ်ဘေးရှောင် လူထုတွေအနေဖြင့် လိုအပ်ချက်များ ဆက်လက်ခံစားနေရမှာဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။