ဒေါ့ဖုန်းယန်ဘက်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

By MPM 8 စက်တင်ဘာ, 2023 👁

ကချင်ပြည်၊ မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းပေါ်ရှိ ဒေါ့ဖုန်းယန်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ ဒေါ့ဖုန်းယန်မြို့တွင်းရှိ ပန်ကောင်းမှုနဲ့ လုံဂျုံယန် ရပ်ကွက် ၂ ခု က ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံများက ပြောသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၆ ရက် ညပိုင်းက ကုန်းလောဘက်က တက်လာသည့် စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှာ မနက် ၆ နာရီလောက်မှာ ဒေါ့ဖုန်းယန်ဘက်ကို ရောက်ရှိလာပြီး စစ်ကြောင်းတက်လာရာ လမ်းကြောင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် လာတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရတာ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က အခုလိုပြောသည်။

“အခုစစ်ကြောင်းက ဒေါ့ဖုန်းယန်ထဲကို ဝင်လာဖို့ ရှိနေတယ်။ ဒီမနက်လောက်ကနေ လက်နက်သံတွေ အဆက်မပြတ် ကြားနေရတယ်။ အခုချိန်အထိ ကြားနေရဆဲပဲ။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး၊ သူတို့က ဒီကို ဝင်လာဖို့ အတွက် ပစ်ရှင်း ရှင်းရင်း တက်လာကြတာ။ သူတို့ဝင်လာတာက လမ်းမကြီးအတိုင်းလည်း မဟုတ်ဘူး။ ဒေါ့ဖုန်းယန်ရဲ့ အနောက်ကနေ တက်လာကြတာတဲ့။ အဲဒါကြောင့် အနောက်ဘက်မှာရှိတဲ့ ပန်ကောင်းမှုနဲ့ လုံဂျုံယန် ရွာသားတွေ ထွက်ပြေးနေကြတယ်” လို့ ၎င်းက ပြောသည်။

ကုန်းလောဘက်နေ စစ်ကောင်စီ စစ်ကား ၇ စီးနဲ့ စစ်အင်အား ၁၀၀ ကျော်လောက် ပါရှိသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဗန်းမော် ကားလမ်းမကြီးအတိုင်း တက်လာတာ မဟုတ်ဘဲ ဒေါ့ဖုန်းယန်မြို့ အနောက်ဘက်မှ ဝင်ရောက်လာဖို့ ရှိနေတဲ့အတွက် ဒေါ့ဖုန်းယန်မြို့ အနောက်ဖက်ခြမ်းမှာရှိသည့် ပန်ကောင်းမှုနဲ့ လုံဂျုံ ဒေသခံများသည် နီးစပ်လုံခြုံနိုင်သည့် နေရာများကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၆ ရက် နေ့လည်ပိုင်း ကုန်းလောမှ ထွက်ခွာလာချိန် ကုန်းလော အထက် တိမ်ဖျားလမ်းခုလပ် တစ်နေရာ၌ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ စောင့်ကြိုတိုက်ခိုက် ခံခဲ့ရသည့်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောသည်။

လက်ရှိတွင် ယင်းစစ်ကောင်စီ စစ်ကြောင်းသည် ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂ တပ်ရင်းသို့ ဝင်ရောက်ဖို့ ရှိနေပြီး အခုလို ဝင်ရောက်လာချိန် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် စစ်ကြောင်းဝင်ရောက်လာချိန် ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူများ တိမ်းရှောင်ကြတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်များက ပြောသည်။

ဒေါ့ဖုန်းယန်ဘက်ကို တက်လာသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဗန်းမော်ဘက်ကနေ စစ်သား သီးသန့်ပါ စစ်ကား ၅ စီး၊ စစ်ရိက္ခာသယ် စစ်ကား ၅ စီး၊ စုစုပေါင်း ၁၀ စီး တက်လာတာဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့က ကုန်းလော မရောက်မီ ဒါဆိုင်းရွာအနီး၌ KIA ၏ တိုက်ခိုက်ခံရတာကြောင့် လက်ရှိတွင် ထိုစစ်ကြောင်း ထဲ၌ စစ်ကား ၇ စီးသာ ပါရှိတော့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းက ဗန်းမော်ဘက်နေ ပထမဆုံး စစ်ကြောင်း တက်လာသည့် စစ်အင်အားနှင့် စစ်ရိက္ခာများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ၂၆ စီးလည်း ဒေါ့ဖုန်းယန်ကို ရောက်ရှိနေတာ တစ်ပတ်လောက် ကြာမြင့်ပြီ ဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆက်ပြောသည်။

စစ်ကောင်စီတပ်က အခုလို စစ်အင်အားအပြည့်နှင့် စစ်ရိက္ခာများကို စစ်ရေး တင်းမာမှု ဖြစ်ပွားနေသည့် နမ်ဆန်ယန်ဘက်ကို စစ်အင်အား ဆက်တင်ပို့ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်းနှင့် ယင်းသို့စစ်ကြောင်း တက်လာတိုင်း KIA က ကြားဖြတ် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုသည်။

KNG ပေးပို့သည်။