ဒေသတွင်း ကွင်းဆင်းစည်းရုံးရေးလုပ်လိုသူတိုင်း မတူပီမြို့နယ် ပ.အ.ဖ နှင့် CDF မတူပီတို့ထံ အကြောင်းကြားရမည်ဟုဆို

By MPM 9 စက်တင်ဘာ, 2023 👁

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို ဒေသတွင်း ကွင်းဆင်းစည်းရုံးရေး လုပ်လိုသူတိုင်းသည် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi) ဌာနချုပ်တို့၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအ‌ဝေးတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) ပြန်ကြားရေး တာဝန်ခံ ဆလိုင်း KLB က “ကျွန်တော်တို့က NGO ပဲ ဖြစ်ဖြစ်၊ တော်လှန်ရေး အချင်းချင်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လက်ဦးဆရာ CNA/CNF ပဲ ဖြစ်ဖြစ်၊ ဒါက တစ်ဖွဲ့နဲ့တစ်ဖွဲ့ လေးစားမှု ရှိအောင်ပါ။ ဒါက ကျွန်တော်တို့ လုံးဝ ခွင့်မပြုဘူးဆိုတာ မရှိပါဘူး။ ခွင့်တော့ပြုပါတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ပြန်ကြားရေးတာဝန်ခံ ဆလိုင်း KLB က “ဒါပေမဲ့ ကျွန်တော်တို့ မသိဘဲနဲ့ မလုပ်ခိုင်း စေချင်ဘူးပေါ့နော်။ အဲ့လိုမျိုး ကျွန်တော်တို့ မသိဘဲနဲ့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ နယ်မြေမှာရှိတဲ့ ပြည်သူလူထုက ကျွန်တော်တို့အပါ်မှာ ယုံကြည်မှုတွေ အားနည်းလာတယ်။ တဖက်မှာ သူတို့အဲ့လိုမျိုး စည်းရုံးရေးလုပ်တဲ့ အခါကြတော့ ကျွန်တော်တို့ မကောင်းကြောင်းတွေ၊ ကျွန်တော်တို့ တော်လှန်ရေး မကောင်းကြောင်းတွေ ပြောတယ်။ သူတို့ဘက်မှာ စည်းရုံးတယ်။ အဲ့လိုမျိုး ဖြစ်လာတဲ့အခါမှာကြတော့ ကျွန်တော်တို့ နယ်မြေထဲမှာ ကျွန်တော်တို့ကာကွယ်ထားတဲ့ ပြည်သူကိုယ်နိုက်ကိုက ကျွန်တော်တို့ကို မယုံကြည်တဲ့ အသံတွေက ထွက်လာတဲ့အခါကြတော့၊ ကျွန်တော်တို့အတွက် အဆင်မပြေတဲ့အခါမှာ နောက်နောင် အဲ့လိုမျိုးတွေ မဖြစ်လာအောင်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်‌ လေးစားမှု ရှိအောင် ပူးပေါင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အဲ့ဒီစာကို ထုတ်တာပေါ့” ဟု ပြောဆိုသည်။

မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ၊ မြို့နယ် ပညာရေး ဘုတ်အဖွဲ့၊ မြို့နယ် ကျန်းမာရေးအသင်း၊ မြို့နယ် တရားရေးဌာန စသည့် တော်လှန်ရေး အင်အားစုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်လျှက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ အများပြည်သူ၏ လုံခြုံရေး၊ တော်လှန်ရေးအင်အားစုများ၏ ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိ ယန္တယားလည်ပတ်မှုအပေါ် တာ၀န်ယူမှု၊ တာ၀န်ခံမှု ရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဒေသအတွင်း ကွင်းဆင်းစည်းရုံးရေး ပြုလုပ်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို (CNA/CNF နှင့် MP အစုအဖွဲ့ စသည်ဖြင့်) စည်းရုံးရေးမဆင်းမီ အပြန်အလှန် လေးစားသောအားဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့-မတူပီ၏ ဌာနချုပ်အဖွဲ့ထံ အကြောင်းကြားပြီး ပူးပေါင်း၍သာ ကွင်းဆင်းစည်းရုံးရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် မတူပီမြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများကို အားနည်းစေသည့် လုပ်ရပ်များ အား လုံးဝ ခွင့်မပြုကြောင်းနှင့် ယင်း ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိပါက ဥပဒေနှင့်အညီ အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ယင်းအမိန်သည့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နောက်ထပ် အမိန့်တစုံတရာ ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်သည်ဟုလည်း ဆိုထားသည်ကို တွေ့ရသည်။

KMG ပေးပို့သည်။