ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်ကြသည့် မယ်စဲ့စစ်ရှောင် ၆၀၀ ကျော် နေရပ်ပြန်လာ

By MPM 12 စက်တင်ဘာ, 2023 👁

ကရင်နီ (ကယား) ပြည် မယ်စဲ့မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ၆၀၀ ကျော်သည် စက်တင်ဘာလ အစောပိုင်းကစပြီး မယ်စဲ့မြို့နယ်အတွင်းကို ပြန်လာကြတယ်လို့ သိရသည်။

နေရပ်ပြန်ကြသည့် မယ်စဲ့စစ်ရှောင်တွေဟာ မိမိဆန္ဒအလျောက် နေရပ်ပြန်ကြသူတွေနဲ့ ၊ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ပြန်ကြသူတွေဖြစ်တယ်လို့ စစ်ရှောင်တွေနဲ့ နီးစပ်သူများက ပြောဆိုသည်။

“ပြန်ပို့တာဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော၊ နေလို့ထိုင်လို့ အဆင်မပြေတဲ့ အတွက်ကြောင့်မလို့ ပြန်ရတာရှိပါတယ်။ အဲ့တော့ ဦးဆုံးအသိပေးချင်တာက ပြန်ပို့တာရှိတယ်။ တချို့နေလို့ထိုင်လို့ အဆင်မပြေတာက ထိုင်းအစိုးရကနေ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေ Humanitarian ကိစ္စတွေ ပေးတဲ့နေရာမှာ အကန့်အသတ်တွေ ပိုများတယ်။ ထိန်းချုပ်မှုတွေ တအားများတယ်။ နောက် နေဖို့ထိုင်ဖို့ တော်တော်လေး အဆင်မပြေတဲ့ဟာ ကြုံရတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ တချို့က ပြန်ရင်ကောင်းမလားဆိုပြီးတော့မှ စဉ်းစားတဲ့သူ ရှိတယ်လို့ ကျနော်တို့ သိရတယ်” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး -၂ ဦးဗညားက ပြောသည်။

စက်တင်ဘာလ အစောပိုင်းကနေစပြီး စစ်ရှောင်များဟာ တသုတ်ချင်းအလိုက် ထိုင်း-မြန်မာ နယ်စပ်ဘက်ကနေ စစ်ရှောင်စခန်းကို ပြန်ကြတာ ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ နေရပ်ပြန် စစ်ရှောင် ဦးရေ ၆၀၀ ကျော် ရှိနေပြီလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူများထံက သိရသည်။

နေရပ်ပြန်လာသည့် စစ်ရှောင်များမှာ မယ်စဲ့မြို့နယ်ထဲက နဂိုစစ်ရှောင်စခန်းမှာပင် ပြန်လာနေကြတာဖြစ်ပြီး၊ မယ်စဲ့မြို့အတွင်းကို ပြန်လာနေထိုင်ကြတာ မရှိသေးဘူးလို့ ကူညီဆောင်ရွက်ပေးသူများထံက သိရသည်။

တဖက်မှာလည်း မယ်စဲ့မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတာသည့် အပြင် စစ်ကောင်စီ ကင်းထောက်ယာဉ် ပျံဝဲမှုကလည်း ရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောဆိုသည်။

ယင်းအပြင် နယ်စပ်ဖက်မှာရှိနေသည့် ကရင်နီစစ်ရှောင်လူထုတွေ အတွက် စားနပ်ရိက္ခာရရှိဖို့ကလည်း ထိုင်းနိုင်ငံဘက်ကနေ အဓိက တင်ပို့နေရပြီး၊ ထိုင်းအာဏာပိုင်တွေကနေ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးဗညားက ပြောပါသည်။

“နံပါတ်နှစ် တချက်ကတော့ စားနပ်ရိက္ခာပါပဲ။ အခုချိန်ထိ ထိုင်းဘက်ကလည်း စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး တော့မှ ကန့်သတ်မှုတွေ တအားများတဲ့ အတွက်ကြောင့်မလို့၊ ဒီစားနပ်ရိက္ခာ အခက်အခဲကို ပြည်တွင်းမှာ ရောက်ရင် ပြန်ကြုံနိုင်ချေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်းကနေ မယ်စဲ့ဘက်ကို သယ်လို့မရဘူးပေါ့နော၊ လမ်းမကြီးတောက်လျှောက်လည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အခြားတဖက်မှာလည်း ဈေးအရမ်းကြီး နေတယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ထိုင်းဖက်ခြမ်းကိုပဲ အားကိုးရတဲ့အခြေအနေရှိပါတယ်” လို့ ဦးဗညားက ဆိုသည်။

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာ ပို့ဆောင်ပေးရာတွင် ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ယူရပြီး၊ ခွင့်ပြုချက်ရမှသာ သွားလာရတဲ့ အခြေအနေမှာရှိတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတဦးက ပြောပါသည်။

“ကျနော်တို့က သူများပေးလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဆန်ပဲ ဖြစ်ဖြစ် ဆီ၊ ဆားပဲ ဖြစ်ဖြစ်ပေါ့နော အဲ့လိုမျိုးဆိုရင် ကျနော်တို့က ကားငှားပြီးတော့မှ ပြန်ပို့ပေးတယ်။ ဟိုဘက် ပြန်ဖို့ဆိုရင် ထိုင်းအာဏာပိုင်တွေကို ခွင့်တောင်းရတယ်ပေါ့နော၊ အခွင့်ပေးရင်တော့ ကျနော်တို့သွားပြီး ချပေးတယ်ပေါ့ နယ်စပ်မှာ” လို့ အဆိုပါ စစ်ရှောင်ကူညီသူက ပြောပါသည်။

လက်ရှိ မယ်စဲ့မြို့နယ်အတွင်းက နယ်စပ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိပြီး၊ နေရပ်ပြန်တဲ့စစ်ရှောင်တွေ ထပ်ဝင်လာတာကြောင့် စားနပ်ရိက္ခာရရှိမှုနဲ့ ပတ်သက်ပြီး ပြတ်လပ် သွားမှာကို စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာမှာ ကရင်နီစစ်ရှောင် အများဆုံး ရှိနေပြီး၊ နေရပ်ပြန်ကြသူတွေဟာ အဲ့ဒီကျေးရွာအပြင် အခြားသောကျေးရွာမှ စစ်ရှောင်ကြသူ တချို့လည်း ပါဝင်တယ်လို့ စစ်ရှောင်များထံက သိရသည်။

IEC အနေနဲ့ဖြင့် ကရင်နီစစ်ရှောင်အရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ အစုအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိနေတယ်လို့ ပြောဆိုထားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က စပြီး မယ်စဲ့မြို့နယ်အတွင်းက ရဲစခန်း အပါအဝင် စစ်ကောင်စီရဲ့ အထိုင်ချ စခန်းတွေကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မယ်စဲ့ဒေသခံ အပါအဝင် စစ်ရှောင် စုစုပေါင်း ၅၀၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံ ခဲ့ရတာဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။