ထိုင်းနယ်စပ် မြဝတီအနီးရှိ လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေး စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နေဟုဆို

By MPM 15 ဩဂုတ်, 2023 👁

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည့် “လက်ခတ် တောင်ကုန်း စခန်း” ပြန်လည်ရရှိရေး စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ကုန်းကြောင်းတို့မှပါ ထိုးစစ်ဆင် နေကြောင်း ဒေသခံများနှင့် ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှ စတင်ကာ ယနေ့ (သြဂုတ်လ ၁၅ ရက်) အထိ စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေရာတွင် ဗိုလ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ဦး ကျဆုံး၍ ၃၄ ဦး ဒဏ်ရာ ရခဲ့ကြောင်းနှင့် KNLA – ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦး ကျဆုံးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လျက်ရှိရာတွင် ယနေ့ (သြဂုတ်လ ၁၅ ရက်) နံနက် ၄ နာရီခန့်ကလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု မြ၀တီမြို့ ဒေသခံများက ပြောသည်။

မြ၀တီမြို့ ဒေသခံတစ်ဦးက “ ပြောရရင် မနက် လေးနာရီ၊ လေးခွဲလောက်ကတည်းက သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတာ” ဟု ပြောဆိုသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်ကို မကြားသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

KNLA – ပူးပေါင်းတပ်ဖွဲ့က လက်ခတ်တောင်စခန်း သိမ်းပိုက်ပြီးနောက် ကြားကာလတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၄၀ မမ ၈ လုံး၊ M16A2 ၂ လက်၊ M16 ကျည်ဘောက် ၁၀ ခု၊ Carbine ကျည် ၁၈၈ တောင့်၊ Carbine ကျည်ဘောက် ၆ ခု၊ NATO ကျည် ၉၃ တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ စကစ ၅.၅၆ ကျည် ၁၃၀ တောင့်၊ 5.56 ကျည် ၆၈၈ တောင့်၊ အေကေကျည် ၇ တောင့်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လက်ခတ်တောင်စခန်းအား ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်သားများထဲမှ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး တို့သည် သြဂုတ်လ ၈ ရက်က KNLA ပူးပေါင်းအဖွဲ့ထံ လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ၏ ပြန်လည် ထိုးစစ်ဆင်လာမှုသည် စခန်းသိမ်းပိုက် ခံခဲ့ရသည့် ဇူလိုင်လ ၂၁ ရက် နောက်ပိုင်းမှ သြဂုတ်လ ၁၃ ရက် အထိ နှစ်ဖက်တပ်အကြား ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။