တနင်္သာရီ၌ အရပ်သား (၃၀) ကျော်ကို အာဏာသိမ်းစစ်တပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

By MPM 7 အောက်တိုဘာ, 2025 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာတဖက်ကမ်းရှိ ကျေးရွာအတွင်းသို့ စစ်ကြောင်းလာသည့် အာဏာသိမ်းစစ်တပ်မှ ကျေးရွာနေဒေသခံပြည်သူ (၃၀) ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တနင်္သာရီမြို့နယ် မြေပြင်စစ်ဘေးရှောင်ကူညီနေသည့်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

အဆိုပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ် ကမ်းတိုရွာတဖက်ကမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြန်ဆုတ် ခွာချိန်တွင် ဒေသခံပြည်သူ ၃၃ ဦးနှင့် လှေသမား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အခုချိန်ထိတော့ ပြန်ပြီးလွတ်လာတာမျိုး မရှိသေးဘူး။ လှေသမားလည်း ပါသွားတယ်။ ဒေသခံတွေကို လူသားဒိုင်းကာ သဘောမျိုးနဲ့ ဖမ်းသွားတယ်လို့တော့ သိထားရပါတယ်။ အခုလက်ရှိမှာ စစ်ဘေးရှောင်စုစုပေါင်း (၁၃၀၀) ဝန်းကျင်အထိကို ရှိနေတယ်။ တစ်ရက်ထက်တစ်ရက်ကို တိုးလာတာပေါ့၊ နည်းနည်းချင်းစီ။ အကုန်လုံးက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးလာကြတာများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ကမ်းတိုရွာ၏ တဘက်ကမ်းရှိ ဆီအုန်း၊ ညောင်ပင်ကုန်း၊ ရမ်းဖို နှင့် ဘန်းလမွတ် စသည့်ကျေးရွာမှ ဒေသခံများလည်း စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်သောကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်ပိုင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိနေကြောင်းနှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် (၃) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အခုလက်ရှိမှာတော့ စကစ အမြောက်တပ်ရင်းကနေပြီးတော့ လက်နက်ကြီးပစ်ကူနေတာတွေကို မကြာခဏ လုပ်ဆောင်နေတာတွေရှိတယ်။ ပြီးခဲ့တဲ့ရက်က ထိတွေ့တိုက်ပွဲမှာလည်း စကစဘက်က ကျဆုံးမှုတွေရှိတယ်လို့ သိထားရတယ်။ အသေးစိတ်တော့ကိုတော့ အတည်ပြုနေတုန်းပါ” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် တနင်္သာရီမြို့နယ် မော်တုန်းအခြေစိုက် စစ်အုပ်စု၏ အမြောက်တပ် (အမတ-၃၀၆) တပ်ရင်းမှလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ကေအိုင်စီ