တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်က သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီခန့်က ကျေးရွာလမ်းအတိုင်း လမ်းလျှောက်လာသည့် အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သည့် ကိုထွန်းဝင်းနိုင်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် စစ်ကောင်စီတပ်ဟာ ကိုထွန်းဝင်းနိုင်၏အလောင်းကို သယ်ဆောင်သွားပြီး မိသားစုထံ ပြန်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
ပျောက်ဆုံးနေသည့် ကိုထွန်းဝင်းနိုင်၏ ရုပ်အလောင်းကို ဒေသခံများက လိုက်လံရှာဖွေခဲ့သော်လည်း သြဂုတ် ၁၉ ရက်နေ့ အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်းနှင့် စစ်ကောင်စီတပ်က ကိုထွန်းဝင်းနိုင် အလောင်းကို ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ နေရာတစ်ခုခုတွင် မြေမြှုပ်သွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။
စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်နေ့က စပြီး တမုတ်ချုံ၊ အရှေ့မော်တုံး၊ ထုံခါနှင့် မောတောင်လမ်းပိုင်း၊ တနင်္သာရီမြို့ပေါ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ကင်းပုန်း ဝပ်ခြင်း၊ စစ်ကြောင်း ထိုးခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့ကလည်း တနင်္သာရီတံတား အနီးရှိ ခလရ ၅၆၁ တပ်ဘက်မှ ဘန်လောနှင့် ၆ မိုင် ရွာဘက်ကို လက်နက်ကြီးများနှင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။