တနင်္သာရီတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး

By MPM 9 စက်တင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကားတစ်စီးနှင့် ခြေလျင် စစ်ကြောင်းတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း တိုင်း (ပကဖ) တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၆၆) ခြေမြန်တပ်ရင်းမှ ထွက်လာသော ဗွီဂိုစစ်ကားတစ်စီးကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းသို့ စစ်ကားမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရာ၌ စစ်ကူလာသော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုပါ အသင့် စောင့်ဆိုင်းပြီး ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်သည် ထိခိုက်သေဆုံးသွားသော တပ်ဖွဲ့ဝင်များကို ပြန်လည် ကောက်ယူသွားပြီး မြိတ်ဆေးရုံထံ သယ်ဆောင်သွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောပါသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုလောမြို့နယ် ပကဖ၊ ရိုးမကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ တောပုန်းကြီးအဖွဲ့များ အပါအဝင် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၂ ရက်နေ့က တနင်္သာရီမြို့အဝင် လမ်းဆုံဗိုလ်ချုပ်ကြေးရုပ်နား အနီးရှိ စစ်ကောင်စီ ကင်းပုန်းတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုက ဝင်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။