အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကိုအပြည့်အဝထောက်ခံပြီး မဲလာပေးမည့်သူများ အန္တရာယ်ကင်းစေဖို့ အထူးအလေးထားဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် – BGF မှ ထုတ်ဖော်ပြောဆိုသည်။
ဒီမိုကရေစီကိုဦးတည်၍ ပြည်သူလူထု တည်ငြိမ်အေးချမ်းလုံခြုံရေးအတွက် အရေးပါသော ရွေးကောက်ပွဲဖြစ်သောကြောင့် ပွဲတည်ငြိမ်လုံခြုံစွာကျင်းပနိုင်ရေးနှင့် မဲပေးသူများလုံခြုံရေးအတွက်ပါ ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း BGF က စက်တင်ဘာလ (၃) ရက်နေ့ဖြင့် ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်။
“ဒီရွေးကောက်ပွဲက စစ်ရေးနဲ့မဆိုင်ဘူးလေ။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ပြည်သူ့ဆန္ဒကိုပဲကြည့်တယ်။ ပြည်သူတွေမဲထည့်ချင်တယ်ဆိုရင် မတားဘူး။ မဲထည့်မယ်ဆိုရင်လည်း လုံခြုံရေးအရ ကျနော်တို့တာဝန်ယူပေးမယ်” ဟု BGF အမှတ် (၂) စစ်ဒေသ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းကလည်း ကေအိုင်စီကို ပြောသည်။
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ခေါင်းစဥ်တပ်ထားသည့် ရွေးကောက်ပွဲအပိုင်း (၁) ကို တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုရှိ မြို့နယ်ပေါင်း (၁၀၂) မြို့နယ်တွင် လာမည့်ဒီဇင်ဘာ (၂၈) ရက်နေ့မှ စတင်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်အုပ်စုက တရားဝင်ကြေညာထားပြီးဖြစ်သည်။
ထိုအထဲတွင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများဖြစ်သည့် ကရင်ပြည်နယ် သံတောင်ကြီးနှင့် ဖားအံမြို့နယ်တို့အပြင် ကရင်နယ်ခြားစောင့်တပ် – BGF ထိန်းချုပ်လှုပ်ရှားရာ မြဝတီမြို့နယ်လည်း အပါအဝင်ဖြစ်သည်။
စစ်အုပ်စုကိုဆန့်ကျင်နေသည့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်နှင့် နိုင်ငံရေးအင်အားစု အများအပြားက ရွေးကောက်ပွဲသည် စစ်အုပ်စု အာဏာသက်ဆိုးရှည်စေရေးနှင့် တရားဝင်မှုရရှိရေး ပြုလုပ်သည့်ပွဲဖြစ်ကြောင်း တညီတညွှတ်တည်း ထောက်ခံပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေးကို ကန့်ကွက်ထားသည်။
ကေအဲန်ယူကလည်း စစ်တပ်အတွက်သာ အကျိုးဖြစ်ထွန်းစေမည့် ရွေးကောက်ပွဲကိုလက်မခံကြောင်း၊ ထို့ကြောင့် ကရင့်လက်နက်ကိုင်အဖွဲ့များ၊ အင်အားစုများ၊ ပါတီများနှင့် ပြည်သူများအနေဖြင့် ဆန့်ကျင်ကြရန် ပြီးခဲ့သည့် ဩဂုတ်လပိုင်းက တိုက်တွန်းပြောဆိုမှုရှိသည်။
စစ်ကောင်စီနှင့်ဆက်ဆံရေးရှိသလို တဖက်တွင် နယ်မြေအချို့ ၌ စစ်အုပ်စု၏လေကြောင်းဗုံးကြဲမှုနှင့် ရင်ဆိုင်နေရသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် မယုံကြည်၊ လက်မခံသည့် သဘောထားရှိကြောင်း ပြီးခဲ့သည့်ဇူလိုင်လက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။
ကေအိုင်စီ