စစ်ဘေးရှောင်ကာလမှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့လိုအပ်နေ

By MPM 15 စက်တင်ဘာ, 2025 👁

စစ်ဘေးရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“အတွေးက ဖြတ်တောက်လို့ မရတဲ့အရာထဲမှာပါတယ် မတွေးမိဘူးလို့ ထင်ပေမယ့် ပါးစပ်ကသာ ပြောနေပေမယ့် အတွေးက သူ့ဟာသူ ရောက်လာနေတယ်။ အဲ့ဒါကြောင့် ဖြတ်လို့မရတာ အတွေးလည်းပါတာပေါ့၊ တော်တော်များများက အမျိုးသမီးတွေ များနေတာလေနော်။ ကျမအနေနဲ့က စိတ်ပိုင်းမြှင့်တင်ပေးဖို့ လိုအပ်တယ်” လို့ စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

စစ်ဘေးဒဏ်၊ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေးအတွက် စိတ်ဖိစီးရတာနဲ့ တခြားအကြောင်းအရင်းတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာမှာ ပိုမိုထိခိုက်နေကြတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေ အများစုကို ကြည့်လိုက်မယ်ဆိုရင် သာမန်လို့ ကိုယ်ထင်နေရပေမယ့် ဒါကတော့ အိမ်ထောင်စု တစုချင်းစီရဲ့အပေါ်မူတည်မှာပေါ့။ တချို့ဆိုလို့ရှိရင် သူ့မိသားစု စားဝတ်နေရေး အဆင်မပြေတာရှိမယ်၊ လင်မယားချင်း မပြေတာလည်း ရှိနိုင်တယ်။ အကြောင်းမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက်က ဖိအားက မတူဘူးပေါ့၊ ဒါက အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်နေပြီဆိုရင် မျက်နှာမှာပေါ်တယ်၊ ရုပ်ကျသွားတာမျိုး ဖြစ်နိုင်တယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေကနေ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေအတွက် စိတ်ဓတ်မြှင့်တင်ရေးဆိုင်ရာသင်တန်းနဲ့ အားပေးနှစ်သိမ့်မှုတွေ လုပ်ဆောင်နေတာရှိပါတယ်။

တစ်ဖက်မှာလည်း အားလုံးကို လွှမ်းခြုံနိုင်တဲ့ အနေအထားမရှိသေးတာကြောင့် ဝေးလံခေါင်ဖျားတဲ့ နေရာဒေသက စစ်ရှောင်စခန်းရှိ အမျိုးသမီးတွေအတွက် စိတ်ခွန်အားဖြစ်စေနိုင်တဲ့ နှစ်သိမ့်ဆွေးနွေးမှု အခြေအနေတရပ်ကိုလဲ လိုလားတယ်လို့ ဖရူဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရှိမယ်ဆိုရင် စိတ်ဝင်စားပါတယ်၊ ပြောပေးတာ ဆွေးနွေးပေးတာမျိုးပေါ့။ ပြောပေးရင်တော့ ကောင်းတာပေါ့ ပို စိတ်ခွန်အားရှိလာမှာပေါ့” လို့ အဆိုပါ စစ်ဘေးရှောင် အမျိုသမီးတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေကိုသွားရောက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှုပေးတဲ့အခါ စစ်ရှောင်တွေနဲ့ ဝိုင်းဖွဲ့စကားပြောတာ၊ ရင်ဖွင့်စကားကို နားထောင်ပေးတာ၊ အကြံပြုဆွေးနွေးပေးတာ၊ အားပေးတာ၊ ဂိမ်းကစားတာ စတဲ့ပုံစံတွေနဲ့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက လုပ်ဆောင်လေ့ရှိကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ဒေသခံလူထုတွေဟာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်ရတာ ၄ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)