စစ်တွေဒေသခံ ၂ ဦး ကို AA ဟု စွပ်စွဲပြီး စစ်ကောင်စီတရားရုံးက ထောင် ၂ နှစ် ချမှတ်

By MPM 12 စက်တင်ဘာ, 2023 👁

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ အကြား နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း စစ်တွေမြို့နယ်မှ ဒေသခံ ၂ ဦးကို AA နှင့်ဆက်စပ်သည်ဟု ဆိုပြီး စစ်ကောင်စီတရားရုံးတစ်ခုက ထောင်ဒဏ် ၂ နှစ်စီ ချမှတ် လိုက်သည်ဟု သိရသည်။

ယင်း ဒေသခံ ၂ ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅ (က) ဖြင့် တစ်ဦးလျှင် ထောင် ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။

“သူတို့ကို AA နဲ့ ဆက်စပ်တယ် ဆိုပြီးတော့ ဖမ်းတာ။ အဲဒါကို ၁၇ (၁) နဲ့ စွဲရမယ့် အစား နိုင်ငံတော်ကို ဆူပူအောင် လုပ်တယ် ဆိုပြီး ၅ဝ၅(က)နဲ့ စွဲပြီး အခုလို ထောင်ချလိုက်တာပါ” ဟု ၎င်းက ပြောသည်။

ထောင်ဒဏ်ချမှတ် ခံရသူ ၂ ဦးမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း (၅၇) နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ် (ခေါ်) မောင်မောင်ခင် (၅ဝ) နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလ ၂ဝ၂၂ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

၂ဝ၂၂ ဇွန်လ ၂၃ ရက်က စစ်တွေ၌ စစ်ကောင်စီ ရေတပ်အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး တို့ကို AA က ဖမ်းဆီး သွားပြီးနောက် စစ်ကောင်စီက စစ်တွေမှ အရပ်သား ၂၁ ဦးကို ပြန်ဖမ်းဆီးခဲ့ရာတွင် ၎င်းတို့ ၂ ဦးလည်း ပါဝင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသူများအနက် တချို့မှာ ယင်းအချိန်ကပင် လွတ်မြောက်သွားသူများလည်း ရှိသလို လက်ရှိ အချိန်ထိ AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲ ခံနေရသေးသူများလည်း ရှိနေသေးသည်ဟု သိရသည်။

ရခိုင်တွင် လက်ရှိအချိန်ထိ AA နှင့် ဆက်စပ်သံသယဖြင့် တရားခံနေရသူ ၁ဝဝ ကျော် ရှိနေသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့စာရင်းအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။